ထိုင်းတောင်ပိုင်း ပြည်နယ် ၃ ခုရှိ ၁၂ နေရာထက်မနည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရ

ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသများတွင် မငြိမ်သက်မှုများ ပြန်လည်မြင့်တက်လာခဲ့ပြီး ဩဂုတ် ၂၂ ရက် ညပိုင်းတွင် နရာသီဝပ်၊ ယာလာနှင့် ပတ္တနီပြည်နယ်တို့၌ အနည်းဆုံး ၁၂ နေရာတွင် တစ်ပြိုင်နက်တည်း အနှောင့်အယှက်ပေးသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံအတွင်း အမျိုးသားလုံခြုံရေးနှင့် ပြည်တွင်းလုံခြုံရေး စောင့်ကြည့်ကွပ်ကဲရေးဌာန ၊ တောင်ပိုင်းဒေသ ရှေ့တန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်များသည် ဩဂုတ် ၂၂ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကျူးလွန်သူများက အင်အားခွဲ၍ ခရိုင်အများအပြားတွင် တစ်ချိန်တည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်များအတွင်း အစိုးရရုံးများ၊ အများပြည်သူသုံး အခြေခံအဆောက်အအုံများနှင့် Convenience Store များကို အဓိကပစ်မှတ်ထားခဲ့ပြီး ဒေသခံပြည်သူများအကြား ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းလုံခြုံရေးအာဏာပိုင်များက ဆိုသည်။

ပတ္တနီပြည်နယ်တွင် ည ၉ နာရီခန့်က နောင်ချစ်ခရိုင် ဘန်ခေါင်းဒေသရှိ မီးသတ်ယာဉ်ရပ်နားရာနေရာအတွင်း လူတစ်စု ဝင်ရောက်ကာ မီးသတ်ယာဉ်တစ်စီးကို မီးရှို့ခဲ့သဖြင့် ယာဉ်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယာရင်ခရိုင် ဘန်ပူဒေသရှိ 7-Eleven ဆိုင်တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နရာသီဝပ်ပြည်နယ်တွင်လည်း ဖြစ်စဉ် ၅ နေရာအထိ ဖြစ်ပွားခဲ့ပြီး ရာနဂါခရိုင် မရူးဘိုတော့ခ်မြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ကနဦးသတင်းအရ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မရူးဘိုတော့ခ်မြို့နယ် ဘန်ဘူကေးဘွေရော့ဒေသတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘွန်အုပ်ချုပ်ရေးအဖွဲ့ရုံးကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း Mitsubishi Triton အနက်ရောင်ကားတစ်စီးကိုလည်း ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စီဆာခွန်ခရိုင် ဘန်စကူပါဒေသတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရူဆောခရိုင် ဘန်ဆာဝေါဒေသတွင်လည်း ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာလာပြည်နယ်တွင်လည်း ဖြစ်စဉ် ၅ နေရာ ဖြစ်ပွားခဲ့ပြီး တာရင်းတိုခရိုင် ဘန်ဟဲ အုပ်ချုပ်ရေးအဖွဲ့ရုံးတွင် အစိုးရပိုင်ကားတစ်စီးကို မီးရှို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘန်စီသာနမ်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ခဲ့ပြီး ယာလာမြေယာဖွံ့ဖြိုးရေးဌာန၏ ကားဂိုဒေါင်အနီးတွင်လည်း မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘန်နန်စတာခရိုင် ပါဝန်းသစ်တောဒေသတွင်လည်း တာယာမီးရှို့မှု ၂ နေရာ ဖြစ်ပွားခဲ့ပြီး သစ်စက်ရုံရှေ့နှင့် ငေါကာပို သုံးလမ်းဆုံအနီးတို့တွင် ဖြစ်ပွားခဲ့သည်။ ထို့အပြင် တာနိုပူတေးမြို့နယ် ဘန်တာနိုပူတေးတွင်လည်း တာယာမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များကြောင့် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များအပါအဝင် လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးအဆင့်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာများကို ပိတ်ဆို့ကာ လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဖောက်ခွဲရေးပစ္စည်းရှင်းလင်းရေး EOD အဖွဲ့နှင့် မှုခင်းသိပ္ပံအဖွဲ့များက ဖြစ်စဉ်ဖြစ်ပွားရာနေရာများသို့ သွားရောက်စစ်ဆေးရန် ဆောင်ရွက်နေကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအရေအတွက်ကို အပြည့်အစုံ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လုံခြုံရေးအာဏာပိုင်များက ဖြစ်စဉ်များကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Ref: https://www.facebook.com/mmpressphoto/posts/