တရားမဝင်မြန်မာနိုင်ငံသား ၁၈၀ ဦးကို လာအိုဘက်က အကြောင်းမကြားဘဲ နယ်စပ်ဂိတ်မှ ပြန်ပို့

လာအိုဘက်မှ မြန်မာဘက်ကို ကြိုတင်ဆက်သွယ်ညှိနှိုင်း အကြောင်းကြားခြင်းမရှိဘဲ မြန်မာနိုင်ငံသား ၁၈၀ ဦးကို ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ယမန်နေ့ (သြဂုတ် ၂၄) က ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်အရ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၈၀ ဦးကို လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ စက်လှေများနှင့် မြန် မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းကို ပြန်လည်ပို့ဆောင်ခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ပို့ဆောင်ခံရသူများတွင် အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း ၁၈၀ ဦး ဖြစ်ကြောင်း၊ ၎င်းတို့အား တုံဖန်၊ ချင်းမဖန့်၊ ဘတ်ဂျန်စျေး၊ စီဖုံးခမ်း၊ ဝှေ့ဆိုင်း နေရာများမှ အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတာကို တစ်ခါတည်းပြန်ပို့တာ၊ လာအိုဖက် မချုပ်ထားဘူး၊ လာအိုကဒ်နဲ့ စာအုပ် မရှိသူတွေ ဖမ်းပြီးပြန်ပို့တာ၊ အခု လာအိုဖက် ကဒ်ရှိလူဟောင်းတွေက နဲနဲချောင်ပေမယ့် လူသစ်တွေအတွက် အလုပ်လည်းရှား အဖမ်းအဆီးလည်း များနေတယ်” ဟု လာအိုဘက်ကမ်းသို့ ခရီးသည်ပို့ဆောင်နေသူတစ်ဦးက ​ပြောသည်။

လာအိုဖက်တွင် ယခင် စိုက်ပျိုးရေးခြံ၊ ကာဆီနိုများ၌ အလုပ်များရရှိကြသော်လည်း ယခုတွင် လာရောက်သူ များပြားကာ အလုပ်မရကြဘဲ နေထိုင်ခွင့်ကဒ်များ မတတ်နိုင်၍ မလုပ်နိုင်ကြရာမှ ယခုလို အဖမ်းခံရပြီး ပြန်ပို့ခံကြရကြောင်း သိရသည်။

“လာအိုကဒ်လုပ်တာက ၅၃၀ ယွမ်၊ ရဲကဒ်က ၇၃၀ ယွမ် ဆိုတော့ လာတဲ့သူအတော်များများ မလုပ်နိုင်ကြဘူး” ဟု စက်လှေမောင်းသူတစ်ဦးက ပြောသည်။

လက်ရှိ လာအိုတွင် အလုပ်လူဟောင်းများကို အလုပ်နှင့် အဆောင်များတွင်သာ နေထိုင်ခွင့်ပြုပြီး ပြင်ပတွင် နေထိုင်ခွင့်မရဟု သိရသည်။

မြန်မာနိုင်ငံအတွင်း စစ်မက်ဖြစ်ပွားနေမှု၊ အလုပ်အကိုင်ရှား​ပါးမှု၊ စစ်မှုထမ်းဥပဒေပြဌာန်းထားမှုများကြောင့် မြန်မာနိုင်ငံသားအများအပြား ပြည်ပနိုင်ငံများသို့ သွားရောက်နေကြရာမှ ယခုလို အဆင်မပြေ ဖမ်းဆီးခံ ပြန်ပို့ခံ နေကြရကြောင်း သိရသည်။

“​အခု မြန်မာဖက်က ပြန်ပို့ခံရသူတွေကို စစ်နေတယ်၊ စစ်မှုထမ်း ခေါ် မခါ်တော့ မသိဘူး၊ ဒီပုံအတိုင်းဆို လာအိုဖက်လည်း အဆင်မပြေနိုင်ကြတော့ဘူး” ဟု စက်လှေမောင်းသူက ပြောသည်။

ထိုင်းနိုင်ငံဖက်မှ ပြန်ပို့သူများကို စစ်မှုထမ်းခိုင်းခြင်းများရှိနေရာ ယခုတွင်လည်း စစ်မှုထမ်းခိုင်းမည့်အခြေအနေရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ပြန်ပို့ခံရသူ ၁၈၀ ဦး၏ နေရပ်၊ လာအိုနိုင်ငံရောက်ရှိအကြောင်းအရင်းနှင့် မည်သည့်အတွက်ကြောင့် ပြန်ပို့ခံရသည်ကိုသည်ကို စစ်ဆေးနေကြောင်း သိရသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/