USS Abraham Lincoln အမေရိကန်လေယာဉ်တင်သင်္ဘော အုပ်စုသည် စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ထိုင်းနိုင်ငံ၊ လမ်ချာဘန်းဆိပ်ကမ်းသို့ လာရောက်ရန် အစီအစဉ်ရှိပြီး အမေရိကန် စစ်သည်နှင့် တပ်ဖွဲ့ဝင် ၅ ထောင်ခန့် ကမ်းပေါ်သို့ တက်ရောက်ခွင့် ရရှိမည်ဟု မျှော်လင့်ရသည်။
၎င်းတို့အား ကမ်းပေါ်တက်၍ ပတ္တယားတွင် အနားယူခွင့်ပြုပါက အထူးသဖြင့် စားသောက်ဆိုင်များ၊ ဖျော်ဖြေရေးဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ် ရရှိမည်ဟု မျှော်လင့်ရသည်။
စစ်သည်တစ်ဦးလျှင် ဘတ် ၁ ထောင်မှ ၃ ထောင်အထိ သုံးစွဲမည်ဆိုပါက ယခုခရီးစဉ်မှ ဒေသတွင်းဝင်ငွေ ဘတ် ၅ သန်းမှ ၁၅ သန်းအထိ ရရှိလာနိုင်ကြောင်း ပတ္တယားမြို့တော်ဝန် ပိုရာမက်ငန်ဖီချက်က ခန့်မှန်းထားသည်။

ယခု ခရီးစဉ်သည် ပတ္တယား၏ ခရီးသွားလုပ်ငန်းနယ်ပယ်၌ အတော်လေး အေးစက်ငြိမ်သက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး စည်ကားသည့် ကာလများနှင့် နှိုင်းယှဉ်ပါက ခရီးသွား လာရောက်မှု သိသိသာသာ နည်းပါးနေကြောင်း ဒေသတွင်း လုပ်ငန်းရှင်များက ပြောကြားထားသည်။
ယခုကဲ့သို့ စီးပွားရေး အေးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းငယ်များအတွက် ဝင်ငွေရှာဖွေရန် ပိုမိုခက်ခဲလာကြောင်း ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ချာဝလီ ချွန်ဖူသင်းက ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်ရေတပ်၏ ခရီးစဉ် သတင်းကြောင့် ဒေသတွင်း လုပ်ငန်းရှင်များအကြား မျှော်လင့်ချက်များ မြင့်တက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော အမေရိကန် စစ်သည်များ ရောက်ရှိလာမှုသည် ပတ္တယားသို့ ပိုမိုသက်ဝင်လှုပ်ရှားလာစေကာ ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အပိုဝင်ငွေများ ရရှိစေမည်ဟု မျှော်လင့်နေကြသည်။
“ဒီခရီးစဉ်က ပတ္တယားကို ပိုပြီး သက်ဝင်လှုပ်ရှားလာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ချာဝလီက ပြောကြားခဲ့ပြီး အမေရိကန် စစ်သည်များ ရောက်ရှိလာနိုင်မှုသည် ဒေသတွင်း လုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်နေသည့် အားဖြည့်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အထူးသဖြင့် စီးပွားရေးလုပ်ငန်းများသည် ယခုခရီးစဉ်ကြောင့် Walking Street ကဲ့သို့သော အဓိက ခရီးသွားနေရာများသို့ ခရီးသွားများ ပိုမိုလာရောက်စေမည်လားနှင့် ခရီးသွားအရေအတွက် နည်းပါးနေသည့် ကာလအတွင်း ပတ္တယား၏ ခရီးသွား စီးပွားရေးကို မြှင့်တင်ရာတွင် ကူညီပေးနိုင်မည်လားဆိုသည်ကို အနီးကပ် စောင့်ကြည့်လျက် ရှိကြသည်။
သို့ရာတွင် USS Abraham Lincoln ၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ဒေသတွင်း စီးပွားရေးကို ခေတ္တခဏ အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ရသော်လည်း ၎င်း၏ သက်ရောက်မှု မည်မျှအထိ ရှိမည်ဆိုသည်မှာ ဆိပ်ကမ်းတွင် ရပ်နားချိန်အတွင်း စစ်သည်ဉီးရေ မည်မျှ ကမ်းပေါ်တက်၍ ပတ္တယားတွင် သုံးစွဲမည်ဆိုသည့် အပေါ်၌ မူတည်မည် ဖြစ်သည်။

Ref:Khaosod