တိဘက် ရေဘေး တရုတ် ဆင်ဆာဖြတ်

နီပေါနှင့် တိဘက် နယ်စပ်ရှိ ဂျီရောင် (Gyirong) ဂိတ်တွင် ရေခဲမြစ် တဟုန်ထိုး ပြိုဆင်းသည့် ရေဘေးဒဏ်ကြောင့် အဆောက်အအုံများ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးနေရသည့် CCTV ရုပ်သံမှတ်တမ်းများ ကမ္ဘာတဝန်း ပျံ့နှံ့ခဲ့သော်လည်း တရုတ်နိုင်ငံအတွင်း၌မူ ယင်းရုပ်သံများကို အင်တာနက် ဆင်ဆာစနစ် (Firewall) ဖြင့် ပိတ်ပင်ထားသည်။ တရုတ် အစိုးရပိုင် မီဒီယာများတွင် ဓာတ်ပုံတပုံတည်းကိုသာ ဖော်ပြခဲ့ပြီး ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ရေးသားဖော်ပြချက်များကိုပါ ပိတ်ပင်ထားသည်။

တရုတ်အစိုးရသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရုပ်သံများကိုသာ ထုတ်လွှင့်ပြီး အသက်ရှင်ကျန်ရစ်သူများ၏ အတွေ့အကြုံများနှင့် ပြည်သူများ ရိုက်ကူးထားသည့် ရုပ်သံများကို ဖျက်ဆီးထားသည်။ သတင်းထောက်များ တိဘက်သို့ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားသည်။

၁၉၅၀ ပြည့်လွန်နှစ်များကတည်းက တိဘက်ကို သိမ်းပိုက်ခဲ့သည့် တရုတ်အစိုးရသည် တိဘက်နှင့် ပတ်သက်သည့် သတင်းများကို အထူး ထိန်းချုပ်လေ့ရှိသည်။ သတင်းထောက်များနှင့် ဆက်သွယ်သူ သို့မဟုတ် အစိုးရနှင့် ကွဲလွဲသည်များကို အင်တာနက်ပေါ် တင်သူများသည် ဖမ်းဆီးအရေးယူ ခံရနိုင်သည်။

ဝန်ကြီးချုပ် လီချန် ကိုယ်တိုင် အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။ သို့သော်လည်း အာဏာပိုင်များ၏ အဓိက ပန်းတိုင်မှာ ပြည်သူများ၏ မကျေနပ်မှုကို ထိန်းချုပ်ရန်နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ဖြစ်သည်။ တိဘက် ကွန်မြူနစ်အာဏာပိုင်များကလည်း ဒေသခံပါတီဝင်များကို ကယ်ဆယ်ရေးလုပ်ဆောင်ရန်နှင့် ပြည်သူများ၏ လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းရန် အမိန့်ထုတ်ပြန်ထားသည်။

နိုင်ငံတကာ တိဘက်လှုပ်ရှားမှုအဖွဲ့ (International Campaign for Tibet) က တရုတ်အစိုးရအနေဖြင့် ပျက်စီးဆုံးရှုံးမှုနှင့် သေပျောက်မှု စာရင်း အချက်အလက်အမှန်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

Ref: https://www.facebook.com/theirrawaddyburmese/posts/