ကျိုင်းတုံ-မိုင်းပျဥ်းလမ်းတွင် ခရီးသည်တင်ယာဥ် ချောက်ထဲကျ၊ ၁ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ-မိုင်းပျဥ်းကြား ကားလမ်းတစ်နေရာတွင် ခရီးသည်တင် ဧကရာဇ်ကားလိုင်းမှ ယာဥ်တစ်စီး ချောက်ထဲကျ တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရကြောင်း မီးသတ်ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁ ရက် ညပိုင်းတွင် မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ် ၅၅၅.၅ km နှင့် ၅၅၆.၀ km ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားခဲ့သည်ဟု မီးသတ်ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၁၃ ဦး၊ မ ၉ ဦး၊ ယာဉ်မောင်း၂ ဦး၊ ယာဉ်နောက်လိုက် ၂ဦး၊ ယာဉ်မယ် ၁ ဦး၊ ယာဉ်မောင် ၁ ဦး ၊ စုစုပေါင်း ၂၈ ဦး အနက် ကျား ၁၁ ဦး၊ မ ၈ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ ၁ ဦး(သေဆုံး) တို့အား တုံတာလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

“ညလည်းဖြစ် မှောင်မှောင်မဲမဲထဲ ကားဘရိတ်ကလည်း ပေါက်တယ်ပြောတယ်ရှင့်၊ လူတွေ လာကူကြပါတယ်၊ ဖုန်းလိုင်းက မမိတော့ မနည်း ဆက်သွယ်ရတယ်ရှင့်” ဟု ဖြစ်စဥ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါ နေရာသည် အကွေ့အတက်များပြားသည့်နေရာဖြစ်သဖြင့် အန္တရာယ်များကာ ယာဥ်မောင်းများ အထူးသတိထားရမည့်နေရာဖြစ်သည်ဟု ကားသမားများက ပြောသည်။

ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမကြီးတွင် မိုးဆက်တိုက်ရွာသွန်းထားသဖြင့် လမ်းမြေသားများ ပျော့ကာ လမ်းဘေးတောင်နံရံများလည်း ပြိုကျနေမှာများရှိနေသဖြင်ကားများ အထူးသတိပြု၍ ခက်ခဲစွာမောင်းနှင်နေကြရကြောင်း သိရသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/