အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီအကျပ်အတည်းအား ဖြေရှင်းရန် စုံ/မ စနစ်ဖြင့်သာ ယာဉ်သွားလာခွင့်ပြုထားခြင်းအား ယမန်နေ့(စက်တင်ဘာ ၉ ရက်)ကစ၍ ပယ်ဖျက်လိုက်ပြီဖြစ်သော်ငြား စုံ/မ QR စနစ်ဖြင့်သာ စက်သုံးဆီဝယ်ယူရမည်ဖြစ်ကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
စက်သုံးဆီ အကျပ်အတည်းများအား ဖြေရှင်းရန်ဟုဆိုကာ စုံ/မ စနစ်ဖြင့် ‘စုံ’ရက်တွင် ‘စုံ’ဂဏန်းလိုင်စင်ပါ ယာဉ်များ၊ ‘မ’ ရက်များတွင် ‘မ’ဂဏန်းလိုင်စင်ပါ ယာဉ်များသာ မောင်းနှင်ခွင့်ပြုကြောင်း ၂၀၂၆ ခုနှစ် မတ်လပထမအပတ်ကစ၍ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကန့်သတ်ပြီး ခြောက်လကျော်အကြာ စက်တင်ဘာလ ၉ ရက်နေ့ကစ၍ ထို စုံ/မရက်ခွဲ၍ ယာဉ်သွားလာခြင်းအား ပယ်ဖျက်လိုက်ပြီဖြစ်သည်။
သို့သော် စက်သုံးဆီဖြည့်တင်းရာ၌ လက်ရှိကျင့်သုံးနေဆဲ စုံ/မ QR စနစ်ကိုသာ ဆက်လက်ကျင့်သုံးဦးမည်ဖြစ်ကြောင်းလည်း ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
“နိုင်ငံ့ရဲ့ စွမ်းအင်လုံခြုံရေးနဲ့ အများပြည်သူအကျိုး ဖြစ်ထွန်းစေရေးအတွက် မော်တော်ယာဉ်ဆီဖြည့်တဲ့နေရာမှာတော့ QR Quota စုံ/မစနစ်ကို ဆက်လက်ထားရှိဦးမှာ ဖြစ်တာကြောင့် ပြည်သူတွေ ဆက်လက်ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
စုံ/မ QR စနစ်၌ တပတ်လျှင် အင်ဂျင်ပါဝါအလိုက် စက်သုံးဆီဝယ်ယူခွင့် ပမာဏအား ကန့်သတ်ထားသလို တရက်လျှင် တကြိမ်သာ စက်သုံးဆီ ဝယ်ယူခွင့်ရ၍ နေ့စဉ် ခရီးဝေးသွားလာသူများ အပါအဝင် ယာဉ်အသုံးပြုမှုများအား ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း ပြည်သူများက ပြောသည်။
“ ဘာမှမထူးဘူးလေ ဘာမှမခံစားရဘူး။ သူတို့က စုံ/မ တော့ မရှိတော့ဘူးပြောပေမယ့်လည်းကွယ်၊ ဆီဝယ်ရင်တော့ ကန့်သတ်ထားတာက ရှိတုန်းပဲလေ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
စစ်အုပ်စု၏ ယခုကဲ့သို့ ဖြေရှင်းနည်းသည် စက်သုံးဆီအကျပ်အတည်းအား ဖြေရှင်းနိုင်မည်မဟုတ်ဘဲ စက်သုံးဆီ မှောင်ခိုစနစ်များ ဆက်လက်ကြီးထွားစေမည်ဖြစ်ကြောင်းလည်း သတင်းရင်းမြစ်တရပ်က သုံးသပ်သည်။