ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဩဂုတ် ၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ယွန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သဖြင့် မြို့တွင်းရေစီးဆင်းမှုကောင်းမွန်စေရေးနှင့် နောင်တွင် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် နမ့်ယွန်းချောင်းအတွင်းရှိ နှုန်းများကို တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းနှင့် နိုင်းနိုင်းချောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို စစ်ဗျူဟာအခြေချ (တာချီလိတ်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်မင်းထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ ပူးပေါင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်းနိုင်းချောင်းနှင့် နမ့်ယွန်းချောင်းအတွင်း ပိတ်ဆို့နေသော နှုန်းများကို မြို့နယ်စည်ပင်သာယာရေးဌာနနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့မှ စက်ယန္တရားများ အသုံးပြုကာ ပူးပေါင်းဆယ်ယူရှင်းလင်းခဲ့ပြီး ရေစီးကြောင်းပိတ်ဆို့မှုများ လျော့နည်းစေရန် ဆောင်ရွက်ခဲ့ကြသည်။
ယခုဆောင်ရွက်သည့် နမ့်ယွန်းချောင်း နှုန်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့မိမြို့ဖ အထောက်အကူပြုအဖွဲ့ကလည်း လုပ်ငန်းသုံးစက်သုံးဆီများ ထောက်ပံ့လှူဒါန်းခဲ့ရာ စည်ပင်သာယာရေးဌာနမှ ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ နမ့်ယွန်းချောင်းတစ်ခုတည်းသာမက မြို့တွင်းရှိ ကျန်ချောင်းများနှင့် ရေနုတ်မြောင်းများကိုလည်း အဆင့်ဆင့် ဆက်လက်ဆယ်ယူရှင်းလင်းသွားမည်ဖြစ်ပြီး မိုးရာသီကာလအတွင်း ရေစီးဆင်းမှုကောင်းမွန်စေရေးနှင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။