ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် သူငယ်ချင်းနှစ်ဦး အငြင်းပွားရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၅ ရက် ညပိုင်းက အေးသာယာမြို့၊ ရပ်ကွက် (၈) ရှိ အေးသာယာဆည်ဘောင်ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟိန်းသူအောင်နှင့် ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏတို့ အချင်းများရာမှ ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပြီးနောက် ဟိန်းသူအောင်မှာ ရင်ညွန့်တွင် ၃ လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ရှိခဲ့ပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့နှစ်ယောက်က အရင်ကတည်းက သိကျွမ်းတဲ့သူတွေဖြစ်တယ်လို့ ကြားရပါတယ်။ စကားများတာကနေ အခုလို လူတစ်ယောက် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားတာ စိတ်မကောင်းစရာပါ။ လူငယ်တွေကြားမှာ အငြင်းပွားမှုတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းသင့်ပါတယ်” ဟု အေးသာယာမြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ဟိန်းသူအောင်၏ မိခင်ဖြစ်သူ ဒေါ်ပိုပိုက သားဖြစ်သူအား ဓားဖြင့်ထိုးခဲ့သူ ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏကို ဥပဒေအရ အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့နောက် အေးသာယာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သံသယရှိသူ ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်နေရာနှင့် ပတ်ဝန်းကျင်နေရာများတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဩဂုတ်လ ၆ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် အေးသာယာမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၂) အတွင်း ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဆည်ဘောင်ပေါ်မှာ လူငယ်တွေ စုနေတာတွေ မကြာခဏတွေ့ရပေမယ့် ဒီလို ဓားထိုးသတ်ဖြတ်မှုအထိ ဖြစ်လာတာတော့ အရမ်းစိတ်မကောင်းစရာပါ။ ညပိုင်းဆိုရင် လုံခြုံရေးပိုင်းကို ပိုပြီးကြပ်မတ်ပေးစေချင်ပါတယ်။ အခုလို လူတစ်ယောက် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားတာကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။” ဟု အေးသာယာမြို့ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိပြီးနောက် သံသယရှိသူ၏ ပြောပြချက်အရ အခင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် အရိုးအသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန်ကို လွှင့်ပစ်ထားသည့်နေရာမှ ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏအား အေးသာယာနယ်မြေရဲစခန်းတွင် (ပ) ၁၂၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်