မက္ကဆီကိုနိုင်ငံမှ ဒုစရိုက်မြို့တော်ဟုအမည်တွင်သည့် ဂျာလစ္စကိုတွင် ပြီးခဲ့သည့်မေလက အသက် ၂၃ နှစ်အရွယ် အလှအပေရေးရာဆယ်လီ ဗလီရီယာမားကွက်ဇ်အား TikTok တွင် Livestream လွှင့်နေစဉ် ဒယ်လီသမား ဟန်ဆောင်လာသူက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်သွားမှုအတွက် ကာတယ်ဒုစရိုက်ဂိုဏ်းမှ ခေါင်းဆောင် ရေမွန်နဂျယ်အယ်လ်ဗာရက်ဇ်အယာလာ ကို ဇူလိုင် ၃၀ ရက်က ဖမ်းဆီးလိုက်ပြီဖြစ်သည်။
မားကွက်ဇ်၏ ရင်ဘတ်ကို တစ်ချက်၊ ခေါင်းကို ၂ ချက် ပစ်သတ်သွားသည့် Live အား ကြည့်ရသူအပေါင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
ယင်း Live လွှင့်နေမှုအစောပိုင်းမှာပင် မားကွက်ဇ်သည် ၎င်းအား သတ်ဖြတ်ရန် ကြံစည်နေမှုများ ရှိနေသည်ဟု ပြောဆိုခဲ့သေးသလို ပြင်ပတွင်လည်း မိမိနှင့်မိသားစု သတ်ဖြတ်ခံရပါက အယာလာ၏သားဖြစ်သူ ချစ်သူဟောင်း ဖရန်ဆစ္စကိုအယ်လ်ဗာရက်ဇ်က တရားခံဖြစ်မည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သည်။

မားကွက်ဇ်နှင့် ချစ်သူများဖြစ်ပြီးမှ ပြတ်စဲပြီးနောက် ဖရန်ဆစ္စကိုက ဖခင်အား မားကွက်ဇ်ကို သတ်ဖြတ်ပေးရန် တောင်းဆိုရာမှ လူငှားပြီး သတ်ခိုင်းခြင်းဖြစ်မည်ဟု ယုံကြည်ရကြောင်း ဖက်ဒရယ်လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖက်ချ်က ဖွင့်ပြောသွားခဲ့သည်။
သတ်ဖြတ်မှုဖြစ်စဉ်တွင် ဒယ်လီသမားသည် မားကွက်ဇ် Live လွှင့်နေစဉ် အလှပြင်ဆိုင်ခန်းထဲ ဝင်လာပြီး နာမည်မေးကာ သိရှိသွားသည်နှင့် သေနတ်ဖြင့် ၃ ချက် ပစ်သတ်ကာ ထွက်ပြေးသွားပြီး ယခုအထိ ထိုသူနှင့် ချစ်သူဟောင်း ဖရန်ဆစ္စကိုတို့ လွတ်မြောက်နေဆဲဖြစ်သည်။
ထိုအမှုတွင် ဖရန်ဆစ္စကိုသည် အယာလာကို သတ်ဖြတ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်မှုများရှိခဲ့သဖြင့် ဖခင်အားသတ်ပေးရန် တောင်းဆိုရာမှ လူသတ်မှုဖြစ်သည်ကို သက်သေပြနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဝန်ကြီးဟာဖက်ချ်က ပြောသည်။

သို့သော် ယခင်က ယူရာပန်မြို့တော်ဝန် ကားလို့စ်မန်ဇိုကိုလည်း ဆယ်ကျော်သက်တစ်ဦးအား လုပ်ကြံပစ်ခတ်ခိုင်းခဲ့သည်ဟု စွပ်စွဲခံထားရပြီး သက်သေမရှိသဖြင့် လွှတ်ပေးထားရသော အယာလာကို ယခုအမှုစစ်ဆေးနေရာတွင်လည်း မားကွက်ဇ်အား သတ်ဖြတ်သည့် သက်သေများ ခိုင်လုံစွာ မရရှိသေးကြောင်း သိရသည်။
အယာလာသည် ယခုနှစ်စပိုင်းက ဂျာလစ္စကိုမြို့ တာပယ်လ်ပါအရပ်တွင် အမေရိကန်မှ အကူအညီပေးစေခိုင်းခဲ့မှုကြောင့် မက္ကဆီကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ရာတွင် သေဆုံးခဲ့သော ကာတယ်ဂိုဏ်းထူထောင်သူ အယ်လ်မန်ချို(ခ) နမ်မီဆို အိုဆီဂွဲယား ကာဗန်းတက်စ်လက်အောက်မှ စီနီယာဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည်။
အယ်လ်မန်ချို သေဆုံးပြီးနောက် ဂျလစ္စကိုမြို့တွင် ၎င်းလက်ပါးစေ ဂိုဏ်းသားများသည် ကားများ၊ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုများအား မီးရှို့ဖျက်ဆီးကာ အကြမ်းဖက်မှုများကို ဆင့်ကဲကျူးလွန်ခဲ့ကြသေးသည်။