ထိုင်းတောင်ပိုင်း၌ လူအရေအတွက် ထောင်ချီသေဆုံးခဲ့သည့် ပုန်ကန်မှုသည် ဆယ်စုနှစ်နှစ်ခုထဲရောက်လာသည့်အခါ မလေး-မွတ်စလင်အများစုပါသော အုပ်စု၏ခေါင်းဆောင်က ဦးတည်ချက်များ ပြည့်မြောက်ချိန်အထိ ဆက်လက်တိုက်ပွဲ ၀င်မည်ဟု ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
“ဒီတော်လှန်မှုဟာ အချိန်ကုန်ဆုံးသွားချိန်အထိ ဆက်လက်ရှိနေမှာပါ”ဟု Barisan Revolusi National (BRN)ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့အတွက်ပြောရေးဆိုခွင့်ရှိသူ နစ်မာတူလာဆီရီက AFP သတင်းဌာနနှင့်ရှားရှားပါးပါးပြုလုပ်ခဲ့သောအင်တာဗျူးတွင်ဖြေကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေပြည့်မြောက်ခြင်းမရှိသရွေ့ ကျွန်တော်တို့ကဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်”ဟု သူကပြောကြားခဲ့သည်။
လတ်တလောဖြစ်ပွားနေသောမငြိမ်သက်မှုသည် ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း BRN မှစစ်သွေးကြွများကထိုင်းနိုင်ငံ၏မွတ်စလင်အများစုနေထိုင်ရာတောင်ပိုင်းတွင်လွတ်လပ်သော အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေးအတွက်၁၉၆၀ ပြည့်နှစ်ကာလများကတည်းက တိုက်ပွဲဝင်ခဲ့သည်။
ထိုင်းက မလေးရှား၏ကြား၀င်ဖျန်ဖြေမှုဖြင့် ၂၀၁၃ ခုနှစ်ကတည်းက BRN နှင့် စေ့စပ် ဆွေးနွေးနေသည်။ အနီးဆုံး အဆင့်မြင့် ဆွေးနွေးပွဲကို ဒီဇင်ဘာတွင် လုပ်ဆောင်ခဲ့သည်။
သို့ရာတွင် ဆွေးနွေးရေး လုပ်ငန်းစဉ်သည် အကြိမ်ကြိမ် ရပ်ဆိုင်းခဲ့သည်။ စစ်သားငါးဦး သေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းက ဇူလိုင်တွင် ဆွေးနွေးပွဲကိုရပ်ဆိုင်းခဲ့သည်။
“လွတ်လပ်ရေးတောင်းဆိုတဲ့ ရည်မှန်းချက်ကတော့ ဒီအတိုင်းပဲ ဆက်လက်ရှိနေပါတယ်”ဟု နစ်မာတူလာက မလေးရှားမြို့တော်ကွာလာလမ်ပူရှိ ဟိုတယ်တစ်ခုတွင် AFP ကို ပြောကြားခဲ့သည်။
တောင်ပိုင်းဒေသသည် မလေး-မွတ်စလင် ပထာနီ ပသီဘုရင့်နယ်ပယ်၏အစိတ် အပိုင်းအဖြစ် တစ်ချိန်တုန်းကဖြစ်ခဲ့သည်ဆိုသော်လည်း ယခင် Siam ဟုခေါ်သည့် ဗုဒ္ဓဘာသာ၀င်အများစုနေထိုင်ရာ ထိုင်းက ၁၉၀၀ ပြည့်နှစ် စောစောပိုင်းတွင်သိမ်းပိုက်ခဲ့သည်။
Deep South Watch စောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၀၄ ခုနှစ်ကတည်းက လူ ၇,၀၀၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။ စစ်သွေးကြွများ၊ ထိုင်းလုံခြုံရေးတပ်ဖွဲ့များ၊ အရပ်သားများ သေဆုံးခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက အကြမ်းဖက်မှုများဖြစ်ပွားရခြင်းအတွက် BRN၌တာ၀န်ရှိသည်ဆိုခြင်းကို နစ်မာတူလာက အတည်လည်းမပြု၊ ငြင်းပယ်ခြင်းလည်းမပြုဘဲ ယင်းသည် လွတ်လပ်ရေးကြိုးပမ်းမှု၏နောက်ကွယ်က မောင်းနှင်အားဖြစ်သည်ဟု ဆိုသည်။
BRN က အာဏာခွဲဝေမည့်ကိစ္စ သဘောတူညီချက်ရရန် ဘန်ကောက်ကို အဆိုပြုထား သည်ဟု ဆိုသည်။ BRN ကရွေးကောက်ပွဲ ၀င်စရာမလိုဘဲ အုပ်ချုပ်ရလိမ့်မည်ဟု ဆိုသည်။
“ကျွန်တော်တို့က နိုင်ငံရေးအာဏာကိုအလိုရှိတာပါ။ အဲဒီအာဏာရှိမှ BRN က ဒေသကို အုပ်ချုပ်လို့ရမှာပါ။ မလေးရှားနယ်စပ်က ထိုင်းပြည်နယ်လေးခုအထိ အုပ်ချုပ်ရေးကို ဖြန့်ကြက်လို့ရမှာပါ”ဟု သူကပြောကြားခဲ့သည်။
အစ္စလာမ်မစ်ဥပဒေသည် မွတ်စလင်များအ တွက်ဖြစ်သည်ဆိုသော်လည်း ယင်းဒေသကို ရှာရီယာရဲတပ်ဖွဲ့နှင့် အစ္စလာမ်မစ်ဥပဒေကိုလိုက်နာသောတရားရုံးများက စီမံအုပ်ချုပ်မည်ဟု ဆိုသည်။

Ref:AFP