ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးတည်း နေထိုင်သည့် နေအိမ်ကို စက်တင်ဘာ ၁၅ ရက်က ရွာသူကြီးနှင့် ဆယ်အိမ်ခေါင်းများက လာရောက်ဖျက်ဆီးခဲ့ပြီး အမျိုးသမီးငယ်ကိုလည်း ရိုက်နှက်အကြမ်းဖက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအမျိုးသမီးငယ်သည် အခြားကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်ကာ အတူတူသွားလာခဲ့ခြင်းကို ရွာဓလေ့ထုံးတမ်းနှင့် မညီဘဲ ရွာစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ရွာဘက်က ငွေကျပ် ၆ သိန်းခွဲ ပေးဆောင်ရန် သတ်မှတ်ခဲ့သည်ဟု ဆိုသည်။
ယင်းငွေကြေးကို မပေးဆောင်မီ ရွာသူကြီးနှင့် ဆယ်အိမ်ခေါင်းများအပါအဝင် လူအချို့က အမျိုးသမီးငယ်၏ နေအိမ်သို့ လာရောက်ကာ အိမ်ပစ္စည်းများနှင့် နေအိမ်အစိတ်အပိုင်းများကို ဖျက်ဆီးခဲ့ပြီး အမျိုးသမီးငယ်ကိုလည်း ဆံပင်ဆွဲခြင်း၊ ထိုးကြိတ်ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“မိန်းကလေးတစ်ယောက်တည်း နေတဲ့အိမ်ကို အုပ်စုလိုက်လာပြီး အိမ်ကိုဖျက်ဆီးတာ၊ မိန်းကလေးကိုလည်း ဆံပင်ဆွဲ၊ ကန်၊ ထိုးတာတွေ လုပ်တယ်လို့ သိရပါတယ်။ ရွာစည်းကမ်းရှိတာမှန်ပေမယ့် လူတစ်ဦးရဲ့ ကိုယ်ပိုင်ဘဝနဲ့ လူ့အခွင့်အရေးကို ထိခိုက်အောင် အကြမ်းဖက်တာမျိုးတော့ မဖြစ်သင့်ပါဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့အပြင် အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်ကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ TikTok အကောင့်တွင် ဝမ်းနည်းစွာ ပြောဆိုထားပြီး ရွာသူကြီးနှင့် ဆယ်အိမ်ခေါင်းများ၏ ဆံပင်ဆွဲခံရခြင်းကြောင့် ဆံပင်အများအပြား ပြုတ်ထွက်နေသည့်အခြေအနေ၊ နေအိမ်ပျက်စီးနေသည့်အခြေအနေများနှင့် ခြေထောက်ဖြင့် ကန်ခံရသည့်အခြေအနေများကို ဓာတ်ပုံများနှင့်တကွ တင်ထားသည်ကို တွေ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရွာဓလေ့ထုံးတမ်းနှင့် ရွာစည်းကမ်းများကို ထိန်းသိမ်းခြင်းနှင့် လူတစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို လေးစားခြင်းတို့အကြား သင့်လျော်စွာ ဖြေရှင်းရန် လိုအပ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။
“ဓလေ့ထုံးတမ်းကို ထိန်းသိမ်းတာနဲ့ လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် အကြမ်းဖက်တာက သီးခြားကိစ္စပါ။ ပြဿနာရှိရင်လည်း ညှိနှိုင်းဖြေရှင်းသင့်ပြီး အမျိုးသမီးတစ်ယောက်ကို အုပ်စုလိုက် ရိုက်နှက်တာ၊ နေအိမ်ဖျက်ဆီးတာမျိုး မဖြစ်သင့်ပါဘူး။ လူ့အခွင့်အရေးကို တန်ဖိုးထားဖို့ လိုပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးငယ်သည် တောင်လေးကျေးရွာတွင် ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပအိုဝ်းအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
