တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသူများအား ပြည်နှင်ဒဏ်ပေးခြင်းမှ ယာယီအကာအကွယ်ပေးထားမှုကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ဆောင်ချက်ကို ဖက်ဒရယ်တရားသူကြီး နှစ်ဦးက လမ်းဖွင့်ပေးလိုက်သည်။
ဇွန်လအတွင်းက ဟေတီနှင့် ဆီးရီးယားနိုင်ငံတို့မှ သောင်းနှင့်ချီသော ပြည်သူများအတွက် အလားတူ အကာအကွယ်ပေးထားမှုများကို အုပ်ချုပ်ရေးအဖွဲ့က ရုပ်သိမ်းခွင့်ရှိကြောင်း အမေရိကန် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက်၊ တာဝန်ရှိ တရားသူကြီးများဖြစ်ကြသည့် မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့နှင့် အီလီနွိုင်ပြည်နယ် ချီကာဂိုမြို့တို့မှ တရားသူကြီးများသည် အဆိုပါ နိုင်ငံနှစ်ခုအတွက် ယာယီအကာအကွယ်ပေးထားသည့် အဆင့် (TPS) ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး လူ့အခွင့်အရေး လှုပ်ရှားသူများ၏ နောက်ဆုံးကြိုးပမ်းမှုများကို သောကြာနေ့တွင် ပယ်ချခဲ့သည်။
TPS စနစ်သည် မိခင်နိုင်ငံများတွင် လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် အခြားသော အကန့်အသတ်မရှိ စိန်ခေါ်မှုများ ကြုံတွေ့နေရချိန်တွင် အဆိုပါနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းမှ အကာအကွယ်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ပါ ထုတ်ပေးထားခြင်းဖြစ်သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ အကာအကွယ်များ ရုပ်သိမ်းလိုက်ပါက တောင်ဆူဒန်နိုင်ငံသား ၂၃၂ ဦးခန့်နှင့် မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးတို့၏ အကာအကွယ်ရရှိမှု ပြီးဆုံးသွားမည်ဖြစ်သည်။

အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် TPS အစီအစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကျယ်ပြန့်သော အာဏာပိုင်ခွင့်ရှိသည်ဟု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်သည် နိုင်ငံ ၁၂ ခုခန့်မှ ပြည်သူများအတွက် TPS ရုပ်သိမ်းရန် ပြည်တွင်းလုံခြုံရေးဌာန (DHS) ၏ ကြိုးပမ်းမှုများကို အောက်ခြေတရားရုံးများက တားဆီးနိုင်သည့် စွမ်းဆောင်ရည်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် လူဝင်မှုကြီးကြပ်ရေး အခွင့်အရေး ရှေ့နေများက DHS အနေဖြင့် TPS ကို ရုပ်သိမ်းရန် အာဏာပိုင်ခွင့်မရှိပါဟု အကြောင်းပြချက်သစ်ဖြင့် တရားစွဲဆိုခဲ့ကြသည်။
သို့သော်လည်း ဘော့စတွန်မှ အမေရိကန် ခရိုင်တရားသူကြီး ပက်တီဆားရစ်က ထိုအကြောင်းပြချက်သည် TPS ကို ရုပ်သိမ်းရန် DHS ၏ အာဏာပိုင်ခွင့်ကိုသာမက မူလကတည်းက အကာအကွယ်များကို သက်တမ်းတိုးပေးခဲ့သည့် ကာလရှည် အာဏာပိုင်ခွင့်ကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာစေလိမ့်မည်ဟု ပြောကြားကာ ငြင်းဆိုခဲ့သည်။
နာရီပိုင်းအကြာတွင် ချီကာဂိုမှ တရားသူကြီး မက်သယူး ကင်းန်နယ်လီ ကလည်း မြန်မာနိုင်ငံသားများ အရေးကိစ္စတွင် အလားတူ ဆုံးဖြတ်ချက်ကိုပင် ချမှတ်ခဲ့သည်။
တရားဥပဒေကြောင်းအရ ရင်ဆိုင်နေရစဉ်အတွင်း အမေရိကန်တွင် ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်ပြုထားသည့် “အုပ်ချုပ်ရေးဆိုင်ရာ ဆိုင်းငံ့မိန့်” ရရှိထားကြသော TPS ရရှိသူများသည် ယခုအခါ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ ကြုံတွေ့နေရဆဲဖြစ်သော မိခင်နိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု လူ့အခွင့်အရေးလှုပ်ရှားသူများက သတိပေးခဲ့ကြသည်။
DHS သည် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခများကြောင့် TPS ရရှိထားသည့် တောင်ဆူဒန်နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတို့အတွက် TPS သက်တမ်းကို ရုပ်သိမ်းရန် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
DHS ၏ ဥပဒေရေးရာ အကြံပေးဖြစ်သူ ဂျိမ်းစ် ပါစီဗယ်လ် က ယခု ဆုံးဖြတ်ချက်များကြောင့် အီသီယိုးပီးယားနှင့် ဆိုမာလီယာ နိုင်ငံသားများအတွက် TPS ရုပ်သိမ်းမှုတခုသာ တရားရုံးများက ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: https://www.facebook.com/theirrawaddyburmese
ကိုးကား။ ။ Al Jazeera သတင်း US courts clear way for deportations of South Sudan, Myanmar nationals
ပုံစာ – ၂၀၂၅ ခုနှစ်အတွင်း စတင်ခဲ့သည့် အမေရိကန်အစိုးရ၏ ပြည်နှင်ဒဏ်ပေးမှုတခု/White House