Pre-wedding ဓာတ်ပုံရိုက်ရင်း ရှားပါးအပင်ကိုနင်းမိခဲ့သည့် မြန်မာနှစ်ဦး ဘတ်တစ်သောင်းဒဏ်ရိုက်ခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ဒွိုင်အင်ထနွန်အမျိုးသားဥယျာဉ်တွင် မင်္ဂလာဆောင်မတိုင်မီ ဓာတ်ပုံရိုက်ကူးရန် သတ်မှတ်ထားသည့် သဘာဝလမ်းကြောင်းမှ သွေဖည်ကာ ရှားပါးသည့် ခေါက်တောက်ရူစီ (Khao Tok Rusi) အပင်များကို နင်းမိခဲ့သည့် မြန်မာခရီးသွား ၂ ဦးအား ဘတ် ၁၀,၀၀၀ ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသွား ၂ ဦး၏ ကိုယ်စားလှယ်သည် စက်တင်ဘာ ၂၁ ရက်တွင် ဒွိုင်အင်ထနွန်အမျိုးသားဥယျာဉ်သို့ လာရောက်ကာ စွဲချက်များကို လက်ခံခဲ့ပြီး သတ်မှတ်ထားသည့် ဒဏ်ငွေကို ပေးဆောင်ခဲ့သည်။

ဒွိုင်အင်ထနွန်အမျိုးသားဥယျာဉ် လက်ထောက်အကြီးအကဲ Phamon Jaisil ၏ ပြောကြားချက်အရ ခရီးသွား ၂ ဦးသည် Ang Ka သဘာဝလေ့လာရေးလမ်းကြောင်းရှိ တံတားပေါ်မှ ဆင်းကာ သတ်မှတ်လမ်းကြောင်းအပြင်ဘက်သို့ ၃ မီတာခန့် ဝင်ရောက်ခဲ့ပြီး Khao Tok Rusi ဧရိယာတွင် prewedding ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဥယျာဉ်တာဝန်ရှိသူများက အဆိုပါနေရာသို့ စစ်ဆေးရာတွင် Khao Tok Rusi အပင်များ နင်းချေခံထားရသည့် ခြေရာများကို နေရာအများအပြား၌ တွေ့ရှိခဲ့သည်။ အဆိုပါအပင်သည် ထိုင်းနိုင်ငံတွင် ရှားပါးသည့် အပင်မျိုးဖြစ်ပြီး အေးမြကာ စိုထိုင်းသည့် ပတ်ဝန်းကျင်များတွင်သာ တွေ့ရသည့် သဘာဝအပင်မျိုးဖြစ်သည်။

Ang Ka သဘာဝလေ့လာရေးလမ်းကြောင်းကိုလည်း ခရီးသွားများ သတ်မှတ်ထားသည့်လမ်းကြောင်းမှ သွေဖည်မသွားစေရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ Khao Tok Rusi ဧရိယာသည် ဒွိုင်အင်ထနွန်၏ ဂေဟစနစ်အတွက် အရေးပါသည့်နေရာတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၏ အမြင့်ဆုံး သစ်ဆွေးမြေဧရိယာနှင့် ရေဝေရေလဲတောများအနက် တစ်ခုလည်း ဖြစ်သည်။

အဆိုပါဒေသတွင် တစ်နှစ်ပတ်လုံး အေးမြပြီး စိုထိုင်းသည့် ရာသီဥတုရှိသဖြင့် ထူးခြားသည့် အပင်မျိုးစိတ်များ ရှင်သန်ပေါက်ရောက်နိုင်သည့် သဘာဝပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ခရီးသွားများ သတ်မှတ်ထားသည့် လမ်းကြောင်းအပြင်ဘက်သို့ ထွက်ခွာခြင်းမပြုရန် ဥယျာဉ်တာဝန်ရှိသူများက စည်းမျဉ်းများ သတ်မှတ်ထားခြင်းဖြစ်သည်။

ယခုဖြစ်စဉ်ကို အခြားခရီးသွားတစ်ဦးက သတ်မှတ်ထားသည့်လမ်းကြောင်းအပြင်ဘက်တွင် ဓာတ်ပုံရိုက်ကူးနေသည့် ခရီးသွား ၂ ဦးကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူကာ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ရာမှ ဥယျာဉ်တာဝန်ရှိသူများ သိရှိခဲ့ခြင်းဖြစ်သည်။

ထိုနောက် ဥယျာဉ်တာဝန်ရှိသူများက လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံတင်ခဲ့သူထံ ဆက်သွယ်ကာ အချက်အလက်များ ရယူခဲ့ပြီး CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေး၍ ခရီးသွား ၂ ဦးကို ခြေရာခံရှာဖွေခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍လည်း စက်တင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ခရီးသွား ၂ ဦးအား တာဝန်ရှိသူများ၏ အမိန့်နှင့် အမျိုးသားဥယျာဉ်အတွင်း အပန်းဖြေမှုဆိုင်ရာ လှုပ်ရှားမှုများကို သတ်မှတ်ထားသည့်နေရာတွင်သာ ပြုလုပ်ရမည့် စည်းမျဉ်းကို လိုက်နာခြင်းမရှိသည့်အတွက် အရေးယူခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မ ၄၇ နှင့် သက်ဆိုင်ရာ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်ထိန်းသိမ်းရေးဌာန၏ စည်းမျဉ်းများအရ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဥယျာဉ်တာဝန်ရှိသူများက ပြောသည်။

သို့သော် နင်းချေခံခဲ့ရသည့် Khao Tok Rusi အပင်များနှင့် ဧရိယာ၏ ပျက်စီးဆုံးရှုံးမှုကို ငွေကြေးတန်ဖိုးအဖြစ် တိတိကျကျ သတ်မှတ်ရန် ခက်ခဲကြောင်း Phamon Jaisil က ပြောသည်။ အကြောင်းမှာ ဒွိုင်အင်ထနွန်ရှိ Ang Ka ဧရိယာသည် ဂေဟစနစ်အရ အလွန်ပျက်စီးလွယ်သည့်နေရာဖြစ်ပြီး Khao Tok Rusi သည်လည်း ရှားပါးသည့် အပင်မျိုးဖြစ်သောကြောင့် ဖြစ်သည်။

Khao Tok Rusi အပင်များသည် ရေကို ထိန်းသိမ်းပေးပြီး ဂေဟစနစ်အတွင်း စိုထိုင်းဆကို ထိန်းညှိပေးသည့် အခန်းကဏ္ဍရှိသဖြင့် ယခုကဲ့သို့ နင်းချေမှုသည် ဒွိုင်အင်ထနွန်၏ ထူးခြားသည့် ဂေဟစနစ်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်းလည်း ဥယျာဉ်တာဝန်ရှိသူများက သုံးသပ်ထားသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးခဲ့သည့် ဧရိယာကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး နင်းချေခံခဲ့ရသည့် အပင်များနှင့် သဘာဝဂေဟစနစ် ပြန်လည်ကောင်းမွန်နိုင်ခြင်း ရှိ၊ မရှိမှာ အပူချိန်၊ စိုထိုင်းဆနှင့် အခြားသဘာဝအခြေအနေများအပေါ် မူတည်မည်ဖြစ်ကြောင်း သိရသည်။

ဒွိုင်အင်ထနွန်အမျိုးသားဥယျာဉ်သည် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့် နေရာတစ်ခုဖြစ်ပြီး ထိုင်းအစိုးရက အာဆီယံသဘာဝအမွေအနှစ်အဖြစ် အကဲဖြတ်ခံရန်လည်း တင်ပြထားသည်။ အဆိုပါအကဲဖြတ်မှုအတွက် ကျွမ်းကျင်သူအဖွဲ့က စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ လာရောက်စစ်ဆေးရန် စီစဉ်ထားကြောင်း Thai PBS က ဖော်ပြထားသည်။

Ref: https://mpanews.info/headline/13009/