တရုတ်နိုင်ငံမှ အသက် ၂၄ နှစ်အရွယ် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်စျေးရောင်းသူ (Live Streamer) Wang Ran သည် မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မိသားစုထံမှ တရုတ်ယွမ်ငွေ ၆ သိန်း (အမေရိကန်ဒေါ်လာ ၉ သောင်းခန့်) ဖြင့် ပြန်လည်ရွေးယူရန် ငွေတောင်းခံထားရကြောင်း တရုတ်အစိုးရပိုင်မီဒီယာများနှင့် South China Morning Post တို့က သတင်းဖော်ပြထား သည်။
Wang Ran သည် တရုတ်နိုင်ငံ ဟာပင်းမြို့တွင် ၂၀၀၂ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပြီး နန်ကျင်းမြို့တွင် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်၍ ကုန်ပစ္စည်းများ ရောင်းချသည့် အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
Wang Ran သည် စက်တင်ဘာ ၁၂ ရက်နေ့ နန်ကျင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် သိကျွမ်းထားသည့်သူတစ်ဦးက စီစဉ်ပေးသည့် အလုပ်ခရီးစဉ်အတွက် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုက ပြောဆိုထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ရောက်ရှိပြီးနောက် Wang Ran သည် ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်တစ်ခုတွင် လူအများနှင့်အတူ စားသောက်နေသည့် ဗီဒီယိုတစ်ခုကို သူငယ်ချင်းတစ်ဦးထံ ပေးပို့ခဲ့သော်လည်း ထိုနေ့နောက်ပိုင်းတွင် မိသားစုနှင့် သူငယ်ချင်းများထံ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။
စက်တင်ဘာ ၁၃ ရက်နေ့ Wang Ran ၏ မိဘများသည် Video Call မှတစ်ဆင့် ၎င်းနှင့် စကားပြောခွင့်ရခဲ့ပြီး ထိုအချိန်တွင် Wang Ran သည် စိတ်ရှုပ်ထွေးနေသည့်ပုံစံ ဖြစ်နေကာ အနက်ရောင်ပလတ်စတစ်စများဖြင့် ကာရံထားသည့် နေရာတစ်ခုတွင် ရှိနေခဲ့သည်ဟု မိသားစုက ပြောဆိုထားသည်။ ထို Video Call အတွင်း မိသားစုထံမှ ယွမ် ၆ သိန်း ပေးပို့ရန် တောင်းခံခဲ့သည်ဟု ဆိုသည်။
ထို့နောက် Wang Ran ၏ မိဘများထံ စက်တင်ဘာ ၁၇ ရက်နေ့ စာတိုတစ်စောင် ရောက်ရှိလာပြီး စက်တင်ဘာ ၂၀ ရက်အမီ ငွေပေးပို့ခြင်းမရှိပါက Wang Ran ကို အခြားသူများထံ သို့မဟုတ် အခြားနေရာများသို့ လွှဲပြောင်းမည်ဖြစ်ပြီး ကျားဖြန့်ဝင်းအတွင်းရှိ အခြားနေရာတစ်ခုသို့ ရောင်းချမည်ဟု ခြိမ်းခြောက်ထားကြောင်း မိသားစုက ပြောဆိုထားသည်။
နောက်ပိုင်းတွင် Wang Ran ၏ သူငယ်ချင်းတစ်ဦးက ၎င်းထံ ဖုန်းဖြင့် ဆက်သွယ်နိုင်ခဲ့ပြီး Wang Ran က မိမိသည် မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်ရွေးငွေ တောင်းခံနေရကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်အစိုးရပိုင်မီဒီယာ The Beijing News က ဖော်ပြထားသည်။
Wang Ran ၏ မိသားစုက ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ နန်ကျင်းမြို့ရှိ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့က အစီရင်ခံစာကို လက်ခံရရှိထားကြောင်း၊ ကျားဖြန့် တားဆီးနှိမ်နင်းရေး တာဝန်ရှိသူများက မိသားစုနှင့် ဆက်သွယ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။
တရုတ်မီဒီယာများက Wang Ran ဖြစ်ရပ်ကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံရှိ လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွှယ်သည့် လူကုန်ကူးမှုနှင့် အတင်းအကျပ်ခိုင်းစေမှုများနှင့် ပတ်သက်သည့် ဖြစ်ရပ်တစ်ခုအဖြစ် အာရုံစိုက်ဖော်ပြနေကြသည်။