ထိုင်းဝန်ကြီးချုပ်နှင့် Linkin Park ဝိုင်းတို့နှင့်အတူ ပူးတွဲဖျော်ဖြေခဲ့ဖူးသည့် အသက် ၁၆ နှစ်အရွယ် ထိုင်းရော့ခ်အဆိုတော်နှင့် ဂစ်တာသမားမလေးသည် ကြာသပတေးနေ့က အမေရိကန်၏ နာမည်ကြီး ရုပ်သံပါရမီရှင် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး မိခင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အောင်ပွဲခံ ပျော်ရွှင်ပွဲများ ဖြစ်ပေါ်စေခဲ့သည်။
အမည်ရင်း ရတ္တိကန် အမ်လွိုင် ဟုခေါ်သည့် နီနီရိုင်ရယ် သည် ကောင်းမွန်လှသည့် ဂစ်တာဆိုလိုပိုဒ်များနှင့် ပြင်းထန်ဆွဲမက်ဖွယ် ရော့ခ်သီချင်း ဟစ်ကြွေးမှုများဖြင့် ဒိုင်လူကြီးများကို ဖမ်းစားနိုင်ခဲ့ပြီးနောက် “America’s Got Talent” ပြိုင်ပွဲ၏ ဒေါ်လာ ၁ သန်း ဆုကြေးကို သိမ်းပိုက်ရရှိခဲ့သည်။
ဖူးခက်ကျွန်းမှ ထိုဆယ်ကျော်သက်မလေးသည် ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ချိန်မှစ၍ ထိုင်းနိုင်ငံတွင် ဆိုရှယ်မီဒီယာပေါ်၌ လူကြိုက်များ ရေပန်းစားခဲ့သူဖြစ်ပြီး ဇူလိုင်လက ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်နှင့်အတူ လာရောက်တီးခတ်ရန် ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။
လောလောဆယ် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများအတွက် နယူးယောက်သို့ ရောက်ရှိနေသည့် အနုတင်က ထိုနာမည်ကြီး ရုပ်သံပြိုင်ပွဲတွင် ပထမဆုံး အနိုင်ရရှိခဲ့သည့် ထိုင်းနိုင်ငံသားအဖြစ် နီနီ့ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ဒုတိယ အစိုးရပြောရေးဆိုခွင့်ရှိသူ ပလွိုင်သလေး လာ့ခ်ဆာမီဆဲင်ဂျန် ၏ ပြောကြားချက်အရ ဝန်ကြီးချုပ်က သူမ၏ ပါရမီနှင့် ကြိုးစားအားထုတ်မှုကို “ထိုင်းပြည်သူများအတွက် ဂုဏ်ယူစရာ ဆောင်ကြဉ်းပေးခဲ့သည်” ဟု ချီးကျူးပြောဆိုခဲ့သည်။
အသက် ခုနစ်နှစ်အရွယ်ကတည်းက ဂစ်တာစတင်တီးခတ်ခဲ့သည်ဟု ဆိုသူ နီနီသည် ကာလီဖိုးနီးယားတွင် သူမ၏ အောင်ပွဲကို ကြေညာသည့်အခါ စင်မြင့်ထက်တွင် ဝမ်းသာအားရ လဲပြိုကျသွားခဲ့သည်။
“သမီး သိပ်ဝမ်းသာတာပဲ၊ အခုချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ ဝမ်းနည်းဝမ်းသာ ဖြစ်နေရပါတယ်” ဟု မျက်လှည့်ပညာရှင်တဦးကို ကျော်လွန်ပြီး အနိုင်ရရှိခဲ့သည့် ထိုဆယ်ကျော်သက်မလေးက ပြောကြားခဲ့သည်။
သူမ၏ နောက်ဆုံး ဖျော်ဖြေမှုတွင် အမေရိကန် တီးဝိုင်း Linkin Park နှင့်အတူ ဂစ်တာတီးကာ သီချင်းသီဆိုခဲ့သည်။
သူမ ယခင်က ဖျော်ဖြေခဲ့သည့် The Cranberries အဖွဲ့၏ “Zombie” နှင့် Soundgarden အဖွဲ့၏ “Black Hole Sun” ကဲ့သို့သော အော်တာနေးတစ်ဗ် ရော့ခ် သီချင်းဟောင်း ဗီဒီယိုများသည် ထိုင်းနိုင်ငံတွင် လူကြည့်အများဆုံး ဖြစ်ခဲ့သည်။
ဖူးခက်ရှိ သူမ၏ ကျောင်းတွင် ကျောင်းသားများနှင့် ဆရာ/မများအတွက် အတူတကွ ကြည့်ရှုသည့် ပွဲများ ကျင်းပခဲ့ကြပြီး ကြာသပတေးနေ့က Facebook ပို့စ်တခုတွင် “သမီး လုပ်နိုင်ခဲ့ပြီ၊ ဂုဏ်ယူပါတယ် ချန်ပီယံ။ သမီးအတွက် ငါတို့ သိပ်ကို ဂုဏ်ယူပါတယ်” ဟု ရေးသားခဲ့သည်။
နီနီက သူမသည် ဂစ်တာတီးနည်းကို အွန်လိုင်းဗီဒီယိုများ ကြည့်ရှု၍ အများစု သင်ယူခဲ့ပြီးနောက် ထို ပုဂ္ဂလိက အပြည်ပြည်ဆိုင်ရာ ကျောင်းတွင် ဂီတပညာသင်ဆု ရရှိခဲ့သည်ဟု ဆိုသည်။
“သမီး ပထမဆုံး ဂစ်တာကြိုးကို တီးလိုက်တဲ့အချိန်မှာတင် စွဲလန်းသွားခဲ့ပြီး ‘ငါ အမျိူးသမီး ရော့ခ်စတား တယောက် ဖြစ်ရမယ်’ လို့ တွေးခဲ့တာ” ဟု သူမက AGT နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ကျောင်းကလည်း သူမသည် “တောက်ပသော အနာဂတ်ရှိသည့် ထူးခြားသော ပါရမီရှင်တဦး” ဖြစ်ကြောင်း အစကတည်းက သိရှိခဲ့သည်ဟု ဆိုသည်။
နီနီ စတင် အခြေပျိုးခဲ့သည့် ဖူးခက် ညဈေးကလည်း သူမအား စိတ်ဓာတ်ခွန်အား ပေးစွမ်းသူအဖြစ် ချီးကျူးခဲ့သည်။
“ဒီအောင်ပွဲဟာ လူတယောက်က သူ့ရဲ့ အိပ်မက်အတွက် အရာအားလုံးကို ပေးဆပ်လိုက်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကို လှပစွာ သတိပေးလိုက်တာပဲဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။