ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်အုပ်စု၊ မန်စုံကျေးရွာတွင် လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံရသည့် အမျိုးသမီး ၂ ဦးသည် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် သေဆုံးခဲ့ကြောင်း TNLAသတင်းက ဖော်ပြထားသည်။
စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် အသက် ၄၇ နှစ်အရွယ် ဒေါ်မိုးဌေးနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်လှမြိုင်တို့သည် မန်စုံကျေး ရွာအနီး လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒေါ်မိုးဌေးမှာ ဆေးရုံသို့ မပို့ဆောင်နိုင်မီ စက်တင်ဘာ ၁၉ ရက် ည ၆ နာရီခွဲခန့်တွင် နေအိမ်၌ သေဆုံးခဲ့ကြောင်း TNLA သတင်းအရ သိရသည်။
ဒေါ်လှမြိုင်ကို နမ့်ဆန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့သော်လည်း ပျားပိတုန်းတုတ်ခံရပြီးနောက် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး ဖူးရောင်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ချိန် အလွန်အမင်းကျဆင်းခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေကြောင့် ဆရာဝန်က အသက်ကယ်ဆေး ထိုးပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ရာ စက်တင်ဘာ ၂၀ ရက် နံနက် ၅ နာရီခွဲခန့်တွင် သေဆုံးခဲ့ရကြောင်း သိရသည်။
ပျား သို့မဟုတ် အခြားအင်းဆက်ပိုးမွှားများ တုတ်ခံရပြီးနောက် အသက်ရှူကြပ်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်ဖူးရောင်ခြင်း၊ မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်းများ ဖြစ်ပေါ်ပါက ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုကြောင့် အသက်အန္တရာယ်ရှိနိုင်သဖြင့် အနီးဆုံးဆေးရုံသို့ အမြန်ဆုံးပို့ဆောင်၍ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။