Sunrise အထည်ချုပ်စက်ရုံ ရုတ်တရက် ပိတ်သိမ်းမည်ဖြစ်၍ လုပ်သား ၁,၀၀၀ ကျော် ထမင်းအိုး ကွဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Sunrise (Myanmar) Fashion အထည်ချုပ်စက်ရုံကို လာမည့် အောက်တိုဘာ ၂၁ ရက်တွင် လုံးဝ ပိတ်သိမ်းတော့မည်ဟု ရုတ်တရက် အကြောင်းကြားလိုက်သဖြင့် အလုပ်သမား ၁,၀၀၀ ကျော် ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စက်ရုံတာဝန်ရှိသူများသည် စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ နို့တစ်စာထုတ်၍ သတိပေး ကာလအဖြစ် သတ်မှတ်ကာ စက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

သို့သော်လည်း လုပ်သက် ၆ လ မပြည့်သေးသည့် အလုပ်သမားများ၊ ခွင့်ခံစားနေသူများနှင့် မီးဖွားခွင့် ခံစားမည့် အလုပ်သမားများ၏ နစ်နာကြေး ကိစ္စများနှင့် ပတ်သက်၍ တိကျသည့် အာမခံချက် ပေးထားခြင်း မရှိသေးကြောင်း စက်ရုံလုပ်သားများနှင့် အကူအညီပေးရေးအဖွဲ့တို့ထံမှ သိရသည်။

“အခုလို ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေချိန်မှာ စက်ရုံ ရုတ်တရက် ပိတ်လိုက်တော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ မီးဖွားခွင့် ယူထားသူတွေနဲ့ ခွင့်ယူထားသူတွေဆိုရင် နစ်နာကြေး ရမရတောင် မသေချာတော့ပါဘူး” ဟု စက်ရုံ အလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမား အခွင့်အရေး ကူညီဆောင်ရွက်ပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STU-M) တာဝန်ရှိသူများက စက်ရုံပိတ်သိမ်းရာ၌ အလုပ်သမား ဥပဒေအတိုင်း ရသင့်ရထိုက်သည့် နစ်နာကြေးနှင့် ခွင့်ခံစားခွင့်များကို တိကျစွာ ပေးအပ်ရန် တောင်းဆိုထားပြီး၊ အလုပ်ရှင်များဘက်မှ ခေါင်းပုံဖြတ်မှု မဖြစ်စေရေးအတွက်လည်း စောင့်ကြည့်သွားမည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ ထွက်ခွာသွားခြင်း၊ လျှပ်စစ်မီး ပုံမှန်မရရှိခြင်း၊ ကုန်ကြမ်း တင်သွင်းရ ခက်ခဲခြင်းနှင့် စစ်ကောင်စီ၏ စက်သုံးဆီနှင့် နိုင်ငံခြားငွေ မူဝါဒ ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံများ ဆက်တိုက် ရပ်ဆိုင်းပိတ်သိမ်းနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလအကူးကလည်း လှိုင်သာယာစက်မှုဇုန်မှ ကမ္ဘာ့အမှတ်တံဆိပ် H&M အတွက် ချုပ်လုပ်ပေးနေသည့် ထိန်ဟွေ Teng Hui အထည်ချုပ်စက်ရုံကြီး ပိတ်သိမ်းခဲ့သဖြင့် အလုပ်သမား ၃,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသေးသည်။

ယခုကဲ့သို့ စက်ရုံများ ဆက်တိုက် ပိတ်သိမ်းလာမှုကြောင့် ပြည်တွင်း၌ အလုပ်လက်မဲ့ဦးရေ အဆမတန် ပိုမိုများပြားလာပြီး ပြည်သူများမှာ စားဝတ်နေရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် စွန့်စားထွက်ခွာကြရသလို၊ မြေပြင်တွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်း ပေါ်တာဆွဲမည့် အန္တရာယ်များနှင့်ပါ ရင်ဆိုင်နေကြရသည်။

Ref: https://mpanews.info/headline/13130/