ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များဟု အယောင်ဆောင်၍ အမျိုးသားတစ်ဦးအား ရိုက်နှက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူခဲ့သူ အမျိုးသား ၃ ဦးကို စက်တင်ဘာလ ၂၇ ရက်၌ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၁၉ ရက်က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ 29 Hotel တွင် မောင်ယောဆဖ အနားယူနေစဉ်အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောဆိုကာ ၎င်းအား လက်သီးဖြင့် (၁) ချက် ထိုးကြိတ်ရိုက်နှက်၍ ရဲစခန်းသို့ လိုက်ရှင်းရန်နှင့် ငွေပေးရန် ခြိမ်းခြောက်ပြီး မောင်ယောဆဖ ပိုင်ဆိုင်သည့် ကာလတန်ဖိုး ကျပ် ၁၅ သိန်းခန့်တန် ထိုင်းနိုင်ငံထုတ် Wave 110 အဖြူ/အနက်ရောင် ဆိုင်ကယ်တစ်စီး ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ သတင်းပေးအဖွဲ့များနှင့် ချိတ်ဆက်ကာ စုံစမ်းရှာဖွေခဲ့ရာ ရဲအယောင်ဆောင်၍ ဆိုင်ကယ်လုယူသူများဖြစ်သည့် ပြည့်ဖုန်းလှိုင် (ခ) ဂတ်စ်အိုး ၂၅ နှစ်၊ ဖြိုးမြတ်အောင် (ခ) ဘတ်ဟိုး ၂၇ နှစ်နှင့် မောင်ကိုကို (ခ) တရုတ် (ခ) အားတီ ၂၃ နှစ်တို့ ၃ ဦးကို တာချီလိတ်မြို့ရှိ သီးခြားနေရာများ၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးစစ်ဆေးစဉ် ၎င်းတို့ ၃ ဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သဖြင့် လုယူခံရသည့် Wave 110 ဆိုင်ကယ်အား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။