မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေကြီး မြေပြိုဒဏ် ဆိုးရွားစွာ ခံနေရသည့် ထားဝယ်ဒေသသို့ လာရောက်ကူညီပေးကြရန် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ (ထားဝယ်ခရိုင်)က မေတ္တာရပ်ခံလိုက်သည်။
စက်တင်ဘာ ၂၇ ရက်မှစ၍ မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တနင်္သာရီတိုင်း၊ ထား ဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့ နယ် အထူးသဖြင့် လောင်းလုံးမြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ ရေလွှမ်းမိုးမှုများနှင့် တောင်ပြို၊ မြေပြိုမှုများကို ဆိုးရွားစွာ ရင် ဆိုင်နေကြရကြောင်း လက်ရှိတွင် သေဆုံးသူ ၁၇ ဦးထက်မနည်း ရှိကာပျောက်ဆုံးနေသူ ရာချီရှိပြီ ဖြစ်ကြောင်း နေအိမ်ထောင်နှင့်ချီ ထိခိုက်ပျက်စီးထားပြီး ဒေသခံ သောင်းချီ သောက်သုံးရေနှင့် အရေး ပေါ် စားနပ်ရိက္ခာများ အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။
“လက်ရှိမှာ လူမှုကူညီရေးအဖွဲ့တွေကတော့ လုံးဝမလာတာ မဟုတ်ပါဘူး။ဒေသတွင်း အဖွဲ့တွေက လည်း လာတယ်။ဒါပေမဲ့၊ ရှိတဲ့အဖွဲ့နဲ့ ဖြစ်နေတဲ့ အနေအထားနဲ့ကျတော့ ဝန်နဲ့အားနဲ့ လုံးဝမမျှတ တော့တဲ့ အနေအထားပေါ့နော်”ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဘွန်း ကMPAသို့ပြောသည်။
လက်ရှိတွင် မြိတ်၊မွန်နှင့် ကရင်မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ လာနေကြပြီဖြစ်ပြီး ရန်ကုန်နှင့် ပဲခူးဘက်မှ အဖွဲ့များလည်း ဆက်လာရန်ရှိကြောင်း သိရသည်။
စစ်တပ်အနေဖြင့် လာရောက်ကူညီသည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကို ဟန့်တားပိတ်ပင် ခြင်းများ မပြုလုပ်ဘဲ လွတ်လပ်စွာ ကူညီခွင့်ပြုဖို့ သဘာဝဘေးသင့် ပြည်သူများကိုယ်စား မေတ္တာရပ် ခံကြောင်း လည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ထုတ်ပြန်ထား သည်။
“ဒီနေ့(စက်တင်ဘာ၂၉ရက်)ကတော့ လေရောမိုးရော မရှိတော့ဘူးပေါ့နော်။ဒါပေမဲ့၊မြေပြိုမှုကို ကျ နော်တို့ စိုးရိမ်နေရတုန်းပဲ။ ဘာလို့ဆို မိုင်၅၀လောက်ရှိတဲ့ အဲဒီတောင်ကြောက တောက်လျှောက်ပြို ထားတယ်။ မိုးကလည်း အဆမတန် ရွာထားတာဖြစ်တဲ့အတွက်ကြောင့်မို့ တောင်ကလည်း သက် တမ်းနုတဲ့တောင်ဖြစ်လို့ မြေသားတွေက အိကျနေတာ။အဲဒါကြောင့်မို့ ထပ်ပြီးတော့ မြေပြိုကျမှာကို ကျနော်တို့ စိုးရိမ်နေရတုန်းပါပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပျောက်ဆုံးနေသူများကို မျှော်လင့်ချက်တစ်စုံတစ်ရာဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ် ကြောင်း သိရသည်။
ရေကြီးသည့်အပိုင်းမှ ဒေသခံများမှာ ရေပြန်ကျသွားသဖြင့် အိမ်ပြန်နိုင်ကြပြီဖြစ်သော်လည်း မြေပြို ဒဏ်ခံ ပြည်သူများမှာ အိမ်မပြန်နိုင်သေးပေ။
“ပြန်စရာမရှိတော့တဲ့လူတွေလည်း အများကြီးရှိပါတယ်”ဟု ဘွန်းက ပြောသည်။
လောင်းလုံးတောင်ကြောသည် မောင်းမကန် သုံးထပ်လမ်းမှတွက်လျှင် မြို့နယ်တောင်ဘက်စွန်း ရှင်မော်အထိ မိုင်ပေါင်း ၅၀ ထက်မနည်းရှိပြီး လက်ရှိ တောင်ပြိုမှုမှာ အဆိုပါတောင်ကြော တစ်လျှောက်လုံးနီးပါးဖြစ်သည်။