ဆိုမာလီပင်လယ်ဓားပြများက MT Honour 25 အမည်ရှိ ရေနံထွက်ကုန်တင်သင်္ဘောကို ပြန်ပေးဆွဲပြီး မြန်မာနိုင်ငံသား သင်္ဘောအင်ဂျင်နီယာချုပ် အပါအဝင် သင်္ဘောသား ၅ ဦးကိုသတ်ဖြတ်

ဆိုမာလီပင်လယ်ဓားပြများက MT Honour 25 အမည်ရှိ ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲပြီးနောက် မြန်မာနိုင်ငံသား သင်္ဘောအင်ဂျင်နီယာချုပ် အပါအဝင် သင်္ဘောသား ၅ ဦးကို သတ်ဖြတ်လိုက်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

ယခုနှစ် ဧပြီ ၂၁ ရက်နေ့ Palau နိုင်ငံအလံလွှင့်တင်ထားသော MT Honour 25 ရေနံထွက်ကုန်တင်သင်္ဘောသည် ဆိုမာလီယာနိုင်ငံ Puntland ကမ်းလွန် ရေမိုင် ၃၀ ခန့်အကွာ၌ ဆိုမာလီပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံခဲ့ရပြီး ၅ လနီးပါး ပင်လယ်ဓားပြများ၏ ဖမ်းဆီးမှု ခံခဲ့ရသည်။

စက်တင်ဘာ ၂၉ ရက်နေ့တွင် Puntland လုံခြုံရေးတပ်ဖွဲ့များနှင့် Puntland Maritime Police Force (PMPF) တို့က ပင်လယ်ဓားပြများ ဖမ်းဆီး ပြန်ပေးဆွဲထားသော MT Honour 25 ရေနံတင်သင်္ဘောကို ဝင်ရောက်စီးနင်းကယ်ဆယ်ခဲ့ပြီး ကျန်ရှိသည့် သင်္ဘောသားများကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဆိုမာလီပင်လယ်ဓားပြများ၏ သတ်ဖြတ်မှုကြောင့် သင်္ဘောသား ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊သေဆုံးသူ ၅ ဦးတွင် မြန်မာနိုင်ငံသားသင်္ဘောအင်ဂျင်နီယာချုပ် ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

သေဆုံးသည့် မြန်မာနိုင်ငံသားမှာ MT Honour 25 ၏ သင်္ဘောအင်ဂျင်နီယာချုပ် (Chief Engineer) ဖြစ်ကြောင်း သိရသော်လည်း ၎င်း၏အမည်ကို မသိရှိရသေးပေ။

Puntland အာဏာပိုင်များ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးစစ်ဆင်ရေး မစတင်မီ ပင်လယ်ဓားပြများက ဖမ်းဆီးထားသည့် သင်္ဘောသား ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၄ ဦးကို ဒဏ်ရာရရှိစေခဲ့သည်ဟု ဆိုသည်။

သို့သော် အသက်ရှင်ကျန်ရစ်သည့် သင်္ဘောသားများ၏ ပြောကြားချက်အရ Puntland လုံခြုံရေးတပ်ဖွဲ့များက သင်္ဘောကို ဝင်ရောက်စီးနင်းချိန်တွင် ပင်လယ်ဓားပြများက ခုခံတိုက်ခိုက်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံထားရသည့် သင်္ဘောသားများကို ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Puntland Maritime Police Force က ပင်လယ်ဓားပြ ၁၆ ဦးကို ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်သွားသူများကိုလည်း ဆက်လက်လိုက်လံရှာဖွေနေကြောင်း ပြောကြားထားသည်။

MT Honour 25 ရေနံထွက်ကုန်တင်သင်္ဘောသည် Puntland ကမ်းလွန်တွင် ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းခံရပြီးနောက် လပေါင်းများစွာကြာ ထိန်းချုပ်ခံထားရသည့် သင်္ဘောဖြစ်ပြီး ယခုကယ်ဆယ်ရေးလုပ်ငန်းမှတစ်ဆင့် ကျန်ရှိသည့် သင်္ဘောသားများကို ပြန်လည်ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်သည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဆိုမာလီပင်လယ်ဓားပြမှုကြောင့် သင်္ဘောသားများ သေဆုံးခဲ့သည့် ပထမဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာကြောင်း နိုင်ငံတကာသတင်းရင်းမြစ်များက ဖော်ပြထားသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဆိုမာလီပင်လယ်ဓားပြများသည် ကုန်တင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို ဖမ်းဆီးကာ သင်္ဘောသားများကို ဓားစာခံအဖြစ် ထိန်းသိမ်းပြီး ရွေးနုတ်ကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတကာ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ပင်လယ်ဓားပြတိုက်ခိုက်မှုများ လျော့ကျခဲ့သော်လည်း ယခုနှစ် ဧပြီလမှစတင်၍ ဆိုမာလီယာကမ်းလွန်တွင် ပင်လယ်ဓားပြတိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာပြီး တိုက်ခိုက်မှု ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ref: https://www.facebook.com/khitthitnews/posts/