မြန်မာနိုင်ငံသား မူးယစ်ဆေးဝါးကွန်ရက်ခေါင်းဆောင် သန့်ချင်တောင်း (ခ) ချင်းတောင် (Thangchintuaang (ခ) Chintuang) နှင့် ဆက်နွယ်နေသည့် အိန္ဒိယနိုင်ငံရှိ ဘဏ်စာရင်း ၂၂ ခုမှ အိန္ဒိယရူပီးငွေ ၄ ဒသမ ၇၆ ကုဋေကို အိန္ဒိယအာဏာပိုင်များက တွေ့ရှိသိမ်းဆည်းလိုက်ကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရသည်။
သန့်ချင်တောင်း (ခ) ချင်းတောင်သည် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဟီးရိုးအင်းနှင့် မက်သာဖက်တမင်းများ တင်ပို့ဖြန့်ဖြူးသည့် မူးယစ်ဆေးဝါးကွန်ရက်၏ အဓိကခေါင်းဆောင်အဖြစ် ဖော်ထုတ်ခံထားရသူဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလတွင် အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ကာ လက်ရှိတွင် အိုင်ဇောလ်ဗဟိုအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်ဟု သိရသည်။
အဆိုပါအမှုသည် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် မီဇိုရမ်ပြည်နယ်၊ ကေဖန်နှင့် ဆဲလင်းကြား၌ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးအတွင်း မက်သာဖက်တမင်းဆေးပြား ၄၉ ဒသမ ၁၀၁ ကီလိုဂရမ်နှင့် ဟီးရိုးအင်း ၄၀ ဂရမ် ဖမ်းဆီးရမိခဲ့သည်။
အမှုကို ဆက်လက်စုံစမ်းရာမှ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများကို ရယူပြီး မြန်မာ-အိန္ဒိယနယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်သည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါကွန်ရက်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးပေးသွင်းသူများ၊ ကြားခံများ၊ သယ်ယူပို့ဆောင်သူများနှင့် အိန္ဒိယဘက်မှ မူးယစ်ဆေးဝါးလက်ခံသူများ ပါဝင်ကြောင်း သိရသည်။
သန့်ချင်တောင်း (ခ) ချင်းတောင်ကို စစ်ဆေးမေးမြန်းရာတွင် ၎င်းက မြန်မာနိုင်ငံမှ ဟီးရိုးအင်းနှင့် မက်သာဖက်တမင်းများကို အိန္ဒိယနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကိုလည်း ၎င်းနှင့် ပူးပေါင်းလုပ်ကိုင်သူများက ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့်ငွေများကို အိန္ဒိယနိုင်ငံရှိ ဘဏ်စာရင်းများမှတစ်ဆင့် လွှဲပြောင်းခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရသည်။ ထို့အပြင် တရားဝင်ဘဏ်လမ်းကြောင်းအပြင် ကြားခံလူများမှတစ်ဆင့် ငွေကို လက်ခံ၊ လွှဲပြောင်းပြီး နောက်ပိုင်းတွင် စာရင်းရှင်းသည့် ငွေလွှဲစနစ်ကိုလည်း အသုံးပြုခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက ဘဏ်စာရင်းများကို စစ်ဆေးရာတွင် ငွေသားအမြောက်အမြား အပ်နှံခြင်း၊ ငွေဝင်ပြီး မကြာမီ အခြားဘဏ်စာရင်းများသို့ ပြန်လည်လွှဲပြောင်းခြင်းများကို တွေ့ရှိခဲ့သည်။
ထိုသို့ စုံစမ်းစစ်ဆေးပြီးနောက် သန့်ချင်တောင်း (ခ) ချင်းတောင်နှင့် ဆက်နွယ်သည့် ဘဏ်စာရင်း ၂၂ ခုမှ ရူပီး ၄ ဒသမ ၇၆ ကုဋေကို အိန္ဒိယအာဏာပိုင်များက သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ယင်းမတိုင်မီကလည်း အဆိုပါမူးယစ်ဆေးဝါးကွန်ရက်နှင့် ဆက်နွယ်သည့် ရူပီး ၃ ဒသမ ၄၂ ကုဋေကို အိန္ဒိယအာဏာပိုင်များက သိမ်းဆည်းရမိထားပြီးဖြစ်သည်။ ထို့ကြောင့် ယခုအမှုတွင် သိမ်းဆည်းရမိထားသည့် ငွေကြေးစုစုပေါင်းမှာ ရူပီး ၈ ဒသမ ၁၉ ကုဋေ ရှိလာသည်။
အဆိုပါ မူးယစ်ဆေးဝါးကွန်ရက်နှင့် ငွေကြေးလမ်းကြောင်းများကို အိန္ဒိယအာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။