၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ၊ ထမ့်လောင်ဂူအတွင်း ပိတ်မိခဲ့သည့် လူငယ်ဘောလုံးသမား ၁ ၂ ဦးနှင့် နည်းပြတို့ကို အသက်စွန့်ကယ်တင်ခဲ့ရာတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သော သူရဲကောင်း ရေငုပ်သမား အဲရစ်ဘရောင်းသည် အသက် ၄၄ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
ချင်းရိုင်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာကျော် ကယ်ဆယ်ရေးအော်ပရေးရှင်းတွင် အဲရစ်ဘရောင်းသည် နိုင်ငံတကာ ကယ်ဆယ်ရေးအသင်း၌ ပါဝင်ကာ ရေလွှမ်းနေသော လမ်းကြောင်းများတစ်လျှောက် လေအိုးများနှင့် အခြားပစ္စည်းများကို သယ်ယူရာတွင် ကူညီပေးခြင်း၊ လမ်းညွှန်ကြိုးများ ချထားခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အပြင် ပိတ်မိနေသူများကို အပြင်သို့ခေါ်ထုတ်ရန် ကြိုးပမ်းနေကြသည့် ရေငုပ်သမားများအဖွဲ့၏ လုပ်ငန်းစဉ်တွင်လည်း အထောက်အပံ့ပေးခဲ့သည်။
၉ ရက်ကြာခဲ့သော မစ်ရှင် ၇ ခုတွင် အဲရစ်ဘရောင်းသည် ၆၃ နာရီကြာ စွန့်စားပါဝင်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်၌ မိခင်နိုင်ငံ ကနေဒါက ရဲစွမ်းသတ္တိဆိုင်ရာ ဆုတံဆိပ် (Medal of Bravery) ပေးအပ်ချီးမြှင့်ခဲ့သလို ၂၀၂၀ ခုနှစ်တွင် ၎င်းနှင့်အတူ ကယ်ဆယ်ရေးမစ်ရှင်၌ ပါဝင်ခဲ့သည့် သူငယ်ချင်း အီဗန်ကရတ်ဇစ်တို့ကို ထိုင်းနိုင်ငံကလည်း တော်ဝင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ထိုင်းနိုင်ငံဆူရတ်ဌာနီခရိုင် ခိုတော်ကျွန်းတွင် အခြေချကာ Hydronauts Diving အဖွဲ့ထူထောင်ထားသည့် အဲရစ်ဘရောင်းသည် စက်တင်ဘာ ၂၆ ရက်က ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့် သူငယ်ချင်းများက အသိပေးခဲ့ခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကိုမူ မသိရှိရဘဲ ဝမ်းနည်းဆုတောင်းပေးမှုများစွာ ရှိခဲ့သည်။
Ref: Thethaiger