ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၊ အီရတ်ကွတ်စ်ခ်ျပြည်နယ်ရှိ ပလိပ်ရောဂါသုတေသနဌာနတွင် အသက် ၂၈ နှစ်အရွယ် ဓာတ်ခွဲခန်းဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးပြီးနောက် သူနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ထိတွေ့ခဲ့သူ လူ ၂၀၀ နီးပါးကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုနှင့် သီးခြားခွဲထားမှုများ ပြုလုပ်ထားကြောင်း သိရသည်။
သေဆုံးသူမှာ Daria Shipilova ဖြစ်ပြီး အီရတ်ကွတ်စ်ခ်ျပြည်နယ်၊ Shelekhov မြို့ရှိ Irkutsk Anti-Plague Research Institute တွင် ဓာတ်ခွဲခန်းဝန်ထမ်းအဖြစ် လုပ်ကိုင်သူဖြစ်သည်။ သူမသည် ပြင်းထန်သော အဆုတ်ရောင်ရောဂါလက္ခဏာများ ခံစားခဲ့ရပြီး အောက်တိုဘာ ၂ ရက်တွင် Shelekhov ခရိုင်ဆေးရုံ၌ သေဆုံးခဲ့သည်။
ရုရှားဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ Shipilova သည် စက်တင်ဘာ ၂၅ ရက်တွင် ဓာတ်ခွဲခန်း၌ အန္တရာယ်ရှိသည့် ဇီဝနမူနာများကို ကိုင်တွယ်နေစဉ် အဆုတ် ပလိပ်ရောဂါဖြစ်စေသည့် Yersinia pestis ဘက်တီးရီးယား ပါဝင်သည်ဟု ယူဆရသည့် စမ်းသပ်ပြွန်တစ်ခု မတော်တဆကျိုးခဲ့သည်ဟု ဆိုသည်။ ထိုဖြစ်စဉ်နောက်ပိုင်း မကြာမီ နေမကောင်းဖြစ်လာခဲ့ကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။
Shipilova သည် အစောပိုင်းတွင် ပြင်းထန်သော အဆုတ်ရောင်ရောဂါဖြင့် ဆေးရုံတက်ခဲ့ပြီး အခြေအနေဆိုးရွားလာသဖြင့် အသက်ရှူစက်တပ်ဆင်ကုသခဲ့ရသည်။ သို့သော် အောက်တိုဘာ ၂ ရက်တွင် သေဆုံးခဲ့သည်ဟု သိရသည်။ သူမ၏ သေဆုံးမှုအပြီးတွင် သူနှင့် ထိတွေ့ခဲ့သူများကို လိုက်လံဖော်ထုတ်ပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက်တွင် ထားရှိခဲ့သည်။
သတင်းရင်းမြစ်များအရ ထိတွေ့သူအရေအတွက်မှာ ၁၉၇ ဦးခန့် ရှိပြီး ထိုသူများထဲမှ လူ ၁၀၀ ကျော်ကို ဆေးရုံများတွင် စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ထိတွေ့သူများအနက် ရောဂါလက္ခဏာပြသသူ မရှိသေးဘဲ စစ်ဆေးချက်များလည်း အနုတ်လက္ခဏာပြနေကြောင်း ဒေသအာဏာပိုင်များက ပြောထားသည်။
ဖြစ်စဉ်နောက်ပိုင်း Shelekhov ခရိုင်ဆေးရုံ အပါအဝင် ဆေးရုံအချို့တွင် သီးခြားခွဲထားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။ Irkutsk မြို့ရှိ ဆေးရုံအချို့ကိုလည်း သုံးပတ်ကြာ Quarantine ချထားကြောင်း သတင်းများ ထွက်ပေါ်လာပြီး အဆိုပါအချက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်တချို့က သတိပေးထားသည်။
အဆိုပါအခြေအနေကြောင့် Shelekhov မြို့ရှိ Irkutsk Aluminum Plant တွင်လည်း အောက်တိုဘာ ၄ ရက်မှစတင်ကာ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဝန်ထမ်းများ နှာခေါင်းစည်းတပ်ဆင်ရန် သတ်မှတ်ခဲ့သည်။ ဖျားနာခြင်း သို့မဟုတ် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးကုသမှု ချက်ချင်းခံယူရန်လည်း ဝန်ထမ်းများကို တိုက်တွန်းထားသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံ ကျန်းမာရေးစောင့်ကြည့်ရေးအဖွဲ့ Rospotrebnadzor ကတော့ ဒေသတွင်း ကျန်းမာရေးနှင့် ကူးစက်ရောဂါအခြေအနေမှာ တည်ငြိမ်နေကြောင်း ပြောဆိုထားသည်။
Rospotrebnadzor ၏ ပြောဆိုချက်အရ Shipilova ၏ ရောဂါအခြေအနေကို “အကြောင်းရင်းမသိရသေးသည့် အဆုတ်ရောင်ရောဂါ” (pneumonia of unknown etiology) ဟု သတ်မှတ်ထားပြီး လူနာထံမှ ရယူထားသည့် နမူနာများတွင် သူမ၏ ဓာတ်ခွဲခန်းအလုပ်နှင့် ဆက်စပ်သည့် အန္တရာယ်ရှိသော ရောဂါပိုးမွှားများကို မတွေ့ရှိရကြောင်း ဆိုသည်။ ထို့အပြင် ဓာတ်ခွဲခန်းအတွင်း ရောဂါပိုးမွှားများနှင့် ပတ်သက်သည့် မတော်တဆဖြစ်စဉ်တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း အာဏာပိုင်များက ပြောထားသည်။
သို့သော် ဒေသတွင်းနှင့် နိုင်ငံတကာမီဒီယာများက ဖော်ပြနေသည့် ဖြစ်စဉ်မှာ ရုရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်နှင့် ကွာခြားနေသည်။ ဒေသတွင်းသတင်းမီဒီယာများက စမ်းသပ်ပြွန်ကျိုးမှု၊ ပလိပ် ရောဂါပိုးနှင့် ထိတွေ့မှုတို့ကို ဆက်စပ်ဖော်ပြနေကြပြီး အဲဒီအချက်ကြောင့်ပင် ထိတွေ့သူများကို သီးခြားစောင့်ကြည့်ခြင်းနှင့် ဆေးရုံများတွင် Quarantine ချထားခြင်းများ ဖြစ်ပေါ်လာခဲ့သည်ဟု ဖော်ပြကြသည်။
အောက်တိုဘာ ၃ ရက်တွင် Irkutsk ပြည်နယ်အတွင်းရှိ Baikalsk မြို့အာဏာပိုင်များက Shelekhov မြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ခေတ္တသွားလာခြင်း မပြုလုပ်ကြရန် ပြည်သူများကို သတိပေးခဲ့သော်လည်း ထိုသတိပေးချက်ကို နာရီအနည်းငယ်အကြာတွင် ပြန်လည်ဖျက်သိမ်းခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
ရုရှားအဏာပိုင်များက Shipilova ၏ သေဆုံးမှုနှင့်ပတ်သက်ပြီး အစောပိုင်းတွင် ပလိပ်ရောဂါနှင့် ဆက်စပ်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ထုတ်ပြန်ချက်ကို ပြင်ဆင်ပြီး “ဖြစ်နိုင်သည်” ဟူသော သဘောထားဖြင့်သာ ဖော်ပြခဲ့သည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် ဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦးသည် ပလိပ်ရောဂါပိုးပါဝင်သည့် စမ်းသပ်ပြွန်ကို မတော်တဆကျိုးပြီးနောက် ကူးစက်ခံခဲ့ရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြနေသော်လည်း ယင်းအချက်နှင့် သူမ၏သေဆုံးမှုကို ပလိပ်ရောဂါဟု ရုရှားပြည်ထောင်စု ကျန်းမာရေးအာဏာပိုင်များက တရားဝင်အတည်ပြုထားခြင်း မရှိသေးပါ။ လက်ရှိအထိ အာဏာပိုင်များ၏ တရားဝင်အကြောင်းပြချက်မှာ “အကြောင်းရင်းမသိရသေးသည့် အဆုတ်ရောင်ရောဂါ” ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် လူ ၂၀၀ နီးပါးကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ထားပြီး ဆေးရုံများတွင် Quarantine အစီအမံများ ချမှတ်ထားသည့်အတွက် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် ပလိပ်ရောဂါဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေဆဲဖြစ်သည်။