ဘီလာရုစ်အဆိုတော်ကို မြန်မာကျားဖြန့်ဂိုဏ်းများ လူကုန်ကူးသတ်ဖြတ်မှုနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံသား ၅ ဦးကို ထောင် ၂၁ နှစ်စီချ၊ တာဂျစ်ကစ္စတန် နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဝရမ်းထုတ်

ဘီလာရုစ်နိုင်ငံ The Voice အဆိုပြိုင်ပွဲအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ အဆိုတော်မိန်းကလေးတစ်ဦးကို မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်ဂိုဏ်းများက လူကုန်ကူးကာ သတ်ဖြတ်လိုက်သည့် အမှုနှင့် ဆက်စပ်ပြီး လူကုန်ကူးရာတွင်ပါဝင်သူ မြန်မာနိုင်ငံသား ၅ဦးကို အောက်တိုဘာလ ၁ရက် ထောင်ဒဏ် ၂၁နှစ်စီ ချမှတ်လိုက်ကြောင်း စစ်ကောင်စီရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဘီလာရုစ်နိုင်ငံသူတစ်ဦးအား ငွေးကြေးဖြင့်မက်လုံးပေးခေါ်ဆောင်ရာတွင် ပါဝင်သူ မြန်မာနိုင်ငံသား ကျော်သူ(ခ)စောကျော်သူ၊ ဇင်

မင်းထွန်း၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ညီညီသက်နှင့် မနန်းပေါင်းဟွမ်း(ခ)ဆိုဖီယာ(ခ)Li Li(ခ)ကျင်းကျင်းတို့အား အောက်တိုဘာ ၁ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ၎င်း ဘီလာရုစ်နိုင်ငံသူအား Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို့ ပို့ဆောင်ကာ အဓမ္မအလုပ်ခိုင်းစေ၍ လုပ်အားခ ခေါင်းပုံဖြတ်ရာတွင် ပါဝင်သူ မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ဝသုန်‌အောင်(ခ)ဝသုန်၊ ရန်ပိုင်စိုး(ခ)အငယ်လေး၊ တာဂျစ်ကစ္စတန်နိုင်ငံသား MUKAIR SHOEV RUSTAM နှင့် ODINAEN ALIJON တို့ ၅ ဦးကိုမူ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုကာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိပုံနှင့် တရားခံများ၏ ထွက်ဆို ဝန်ခံချက်အသေးစိတ်ကိုမူ မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်သည်။

ဘီလာရုစ်နိုင်ငံသူ အသက် ၂၆နှစ်အရွယ် ခရက်ဆိုဗာဟာ ဘီလာရုစ် “The Voice” သီချင်းဆိုပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ နှစ်၊ စက်တင်ဘာလအတွင်း မော်ဒယ်လ် လုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများ၏ လိမ်လည်ခေါ်ဆောင်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

ယင်းနောက် ၎င်းကို ကျားဖြန့်လုပ်ငန်းများ၌ Dating ဝက်ဘ်ဆိုက်များတွင် အကောင့်အတုများဖွင့်ကာ ငွေလိမ်ရသည့် အလုပ်ကို အဓမ္မ ခိုင်းစေခံရပြီး ၎င်းပြန်လွတ်ရန်အတွက် မိဘများထံမှ ဒေါ်လာ ၅သိန်း တောင်းခံခြင်း ခံရကြောင်း ထိုစဉ်က ရုရှားသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ယင်းနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ကျားဖြန့်ခေါင်းဆောင်များက ဆိုဗာကို သတ်ဖြတ်ကာ မီးရှို့ပစ်လိုက်ပြီဟု မိဘများထံ​အကြောင်းကြားလာကြောင်း၊ သတ်ဖြတ်ခံရပြီးနောက် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို မှောင်ခိုရောင်းချရန် ထုတ်ယူခံရသည်ဟု သတင်းများထွက်လာကြောင်း ရုရှားနှင့် ဘီလာရုစ်မီဒီယာများတွင် ဖော်ပြခဲ့သည်။

Ref: https://www.facebook.com/MeKongNewsMM/posts/

Leave a Reply