အမေရိကန်တွင် ခင်ပွန်းအလောင်းကို ရေခဲသေတ္တာထဲ ၇ နှစ်ကြာ သော့ခတ်ထားပြီး ဇနီးသည်က အခွင့်အရေးအကျိုးအမြတ်များ ရယူခဲ့

အမေရိကန်တွင် သေဆုံးခဲ့ပြီးဖြစ်သည့် ခင်ပွန်းအလောင်းအား ရေခဲသေတ္တာအတွင်း ၇ နှစ်ကြာ သော့ခတ်သိမ်းထားကာ အခွင့်အရေးအကျိုးအမြတ်များ ရယူခဲ့သော ဇနီးသည်အကြောင်း ယခုနှစ်နွေရာသီ၌ ပေါ်ပေါက်ခဲ့သည်။

အလက်စကာရှိ ဂျွန်နျူမြို့၌ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကာ ရှယ်ရီအန်းမက်ဒေါ်နယ်ပက်စ်ကွမ် ဆိုသော အမျိုးသမီးသည် သေဆုံးခင်ပွန်းအား သင်္ဂြိုဟ်ခြင်းမပြုသလို သေဆုံးကြောင်းလည်း ပတ်ဝန်ကျင်အား ပေးမသိခဲ့ဘဲ သက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ထားသည်ဟု လိမ်လည်ဖုံးကွယ်ကာ ရေခဲသေတ္တာအတွင်း သောခတ်သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် ခင်ပွန်း ရော့စ်ပက်စ်ကွမ်၏ လူမှုဖူလုံရေးဆိုင်ရာ ခံစားခွင့်များ၊ အလက်စကာ အမြဲတမ်းရန်ပုံငွေမှ ခွဲဝေပေးသည့် အကျိုးအမြတ် ချက်လက်မှတ်များနှင့် အငြိမ်းစားယူမှုဆိုင်ရာ ခံစားခွင့်များကို အနည်းဆုံး ၂ နှစ်ခံစားရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။

ရော့စ်ပက်စ်ကွမ်၏ အသက်သည် ယနေ့အချိန်ဆိုလျှင် ၇၄ နှစ်အရွယ်ပင် ရှိပြီဖြစ်ကာ ရေခဲသေတ္တာအတွင်း ၂၀၁၈ ခုနှစ်ကတည်းက စတင်ရှိနေခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ခန့်မှန်းခဲ့ကြသည်။

ဇနီးသည် ရှယ်ရီသည်လည်း ခင်ပွန်းသည်အတိုင်း သာမန်သေရိုးသေစဉ်အဖြစ် ၂၀၂၅ ဇွန်လက ကွယ်လွန်သွားခဲ့သည်။

သို့သော် ၎င်းတို့နေထိုင်ရာအိမ်အား ဆွေမျိုးတစ်ဦးက ၂၀၂၆ ဇူလိုင် ၁၉ ရက်ရောက်မှ အိမ်သန့်ရှင်းရေးသွားလုပ်ရာမှ ရော့စ်ပက်စ်ကွမ်းအလောင်းအား ရေခဲသေတ္တာအတွင်း တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။

သို့သော် ရှယ်ရီသည်လည်း သေဆုံးခဲ့ပြီးဖြစ်သောကြောင့် တာဝန်ရှိသူများ မည်သို့မျှ မတတ်နိုင်တော့ဘဲ စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းခဲ့ရသည်။

ယခုလိုဖြစ်စဉ်မျိုးအတိုင်း သားဖြစ်သူက မိခင်သေဆုံးသည်ကို သင်္ဂြိုဟ်ပေးခြင်းမရှိဘဲ ရေခဲသေတ္တာအတွင်း ထားရှိပြီး ပင်စင်နှင့်အကျိုးခံစားခွင့်များကို ၂ နှစ်ကျော် ထုတ်စားခဲ့မှုလည်း ဝေးလ်နိုင်ငံတွင် ရှိခဲ့သေးသည်။

၂၀၂၃ ခုနှစ်က အသက် ၈၀ ဝန်းကျင်၌ ကွယ်လွန်ခဲ့သည့် အငြိမ်းစား ကုမ္ပဏီအတွင်းရေးမှူး ဆေလ်ဗီယာဖိလစ်ကို အသက် ၆၀ အရွယ် သားဖြစ်သူ ခရစ္စတိုဖာဖိလစ်က ရေခဲသေတ္တာအတွင်း ထည့်ထားပြီး မိခင်ဘဏ်အကောင့်ကို ဝင်ရောက်အသုံးပြုခြင်း၊ တစ်လ ပေါင် ၁၀၀၀ ရရှိသည့် လူမှုဖူလှုံရေးထောက်ပံ့ကြေးများကို ၂ နှစ်ကြာ သုံးစွဲခဲ့ခြင်း ဖြစ်သည်။

သို့သော် မိခင်၏ ကျန်းမာရေးအခြေအနေအား လူမှုဖူလုံရေးအဖွဲ့က ဆရာဝန်စေလွှတ် စစ်ဆေးပေးရန် စီစဉ်ရာမှ ထိုအမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Ref:Thesun

Ref: https://www.facebook.com/MeKongNewsMM/posts/

Leave a Reply