လားရှိုးတွင် ဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီး မောင်းပြေး၊ လူငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ မန္တလေးမီးပွိုင့်အနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ် ၂ ဦးကို မော်တော်ယာဉ်တစ်စီးက ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် လူငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့အောက်တိုဘာ ၇ ရက်၊ ည ၁၀ နာရီခွဲခန့်က Mytel ရုံးအနီး၊ သိဒ္ဓိအောင် လျှပ်စစ်ပစ္စည်းဆိုင်ရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ပေါ်တွင် လူငယ်အမျိုးသား ၂ ဦး လိုက်ပါလာစဉ် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ပြီး ယာဉ်မောင်းမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ညဘက်ကြီးဆိုတော့ ဘယ်ကားလဲဆိုတာ သေချာမမြင်လိုက်ရဘူး။ ဆိုင်ကယ်ပေါ်က လူငယ်နှစ်ယောက်ကတော့ တော်တော်လေး ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်က ခေါင်းထိထားတယ်။ ဆေးရုံကိုတော့ ချက်ချင်းပို့ပေးလိုက်ရတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လူငယ် ၂ ဦးကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။

လားရှိုးမြို့တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားနေရာ စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီခွဲခန့်ကလည်း ဘူတာလမ်းမကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/

Leave a Reply