ရန်ကုန်၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းတွင် EV ကား ၁ စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမရှေ့တွင် EV ကား ၁ စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမရှေ့တွင် Leapmotor အမျိုးအစား EV ကား ၁ စီးမှာ အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို ယာဉ်တိုက်မှုအတွင်း ကားပေါ်လိုက်ပါလာသော အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦးထဲမှ ယာဉ်မောင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ယာဉ်ပေါ် ညပ်နေသူများကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ကယ်ထုတ်ခဲ့ရကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သေဆုံးတာက ၂ ဦးပါ ထိခိုက် ဒဏ်ရာရတာက ၃ ဦး ယာဉ်ပေါ်လိုက်ပါလာသူတွေထဲက ယာဉ်မောင် အမျိုးသားနဲ့ ယာဉ်ပေါ် လိုက်လာတဲ့ အမျိုးသမီး ၁ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၃ ဦးကတော့ ဒဏ်ရာလောက်ပဲရတယ်” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) မှ တာဝန်ရှိသူက ပြောဆိုသည်။

Ref: https://www.facebook.com/khitthitnews/posts/

Leave a Reply