ခိုးယူသွားသည့် ပန့် အမြန်ဆုံးပြန်အပ်ရန် သူခိုးကို ရန်ကုန်စည်ပင် မေတ္တာရပ်ခံ

ရန်ကုန်မြို့၊ပုစွန်တောင်မြို့နယ်အတွင်းရှိ ခိုးယူခြင်းခံရသည့် ကလိုရင်းဆေးခတ်သည့်ပန့် (Chlorine Dosing Pump)ကို အမြန်ဆုံးပြန်အပ်ရန် ရန်ကုန်မြို့တော်စည်ပင်က မေတ္တာရပ်ခံလိုက်သည်။

ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့် ရှိ ထပ်ဆင့်ရေတွန်း ပေးဝေနေသော ရေ တွန်းစက်အဆောက်အအုံတွင် တပ်ဆင်ထားသော ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်း များအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်နေသည့် Chlorine Dosing Pump မှာ အောက်တိုဘာ၂၈ရက်၊ နံနက်၄နာရီခန့်၌ ခိုးယူခြင်းခံရကြောင်းနှင့် ယင်းဖြစ်စဉ်ကို ပုစွန်တောင်မြို့နယ်ရဲစခန်း၌ အမှုဖွင့် ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က အောက်တိုဘာ၃၀ ရက်၌ အသိပေးချက် ထုတ်ပြန်ထားသည်။
သူခိုးသည် ရေတွန်းစက်အဆောက်အအုံ၏ တံခါးကို ဖျက်ကာ ခိုးယူသွားခြင်းဖြစ်ပြီး ပြည်သူများအ နေဖြင့် ရေတွန်းစက်အဆောက်အအုံအတွင်း တပ်ဆင်ထားသော ရေပေးဝေရေးဆိုင်ရာစက်ပစ္စည်း များနှင့် အဆောက်အအုံ လုံခြုံမှုရှိစေရေးအတွက် ပူးပေါင်းကူညီကြရန်လည်း ရန်ကုန်စည်ပင်က မေတ္တာရပ်ခံထားသည်။

“ရန်ကုန်မြို့တော်စည်ပင်ထဲကို ဝင်သွားတဲ့ပြည်သူတိုင်းကို ပိုက်ဆံပေးတာတောင် မောက်မောက်မာ မာနဲ့ ဆက်ဆံတဲ့ စည်ပင်ဝန်ထမ်းတွေကို သတိရတယ်။ စည်ပင်ဝန်ထမ်းဆိုတာ မြို့တော်ဝန်ကစလို့ သူခိုးကြီးနဲ့ သူခိုးလေးတွေချည်းပဲဆိုတော့ စည်ပင်ဝန်ထမ်းနဲ့ သူခိုးပေါင်းပြီး ပန့်ခိုးသွားတာများလား ဆိုပြီး တွေးမိတယ်။ အခုကျတော့ ပြည်သူပါ သူတို့(စည်ပင်)ပစ္စည်းမပျောက်ဖို့ ပူးပေါင်းကူညီပါတဲ့။ စည်ပင်က ဘယ်ပြည်သူကို ကူညီခဲ့ဖူးသလဲလို့ မေးချင်တယ်”ဟု ရန်ကုန်မြို့တွင်း၌ အလုပ်လုပ်နေ သည့် ကုမ္ပဏီအကြီးတန်းအရာရှိတစ်ဦးက MPAသို့ပြောသည်။

ရေတွင်ပါဝင်သည့် ဘက်တီးရီးယားများကို ဖယ်ရှားသန့်စင်ရန်အတွက် ငမိုးရိပ်ရေသန့်စင် စက်ရုံ (ညောင်နှစ်ပင်)၊ လဂွန်းပြင်ရေသန့်စင်စက်ရုံ၊ လှော်ကားရေတွန်းစက်ရုံနှင့် ရေကူးရေတွန်းစက်ရုံ တို့တွင် ကလိုရင်းဆေးခတ် ပိုးသတ်သည့်စနစ် ထည့်သွင်း သည့်အပြင် မိုးရာသီတွင် ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့နယ်များရှိ ရေပေးဝေရေး ပိုက်လိုင်း ကွန်ရက်များအတွင်း ထပ်ဆင့်ကလိုရင်းဆေးခတ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်က ထုတ်ပြန်သည်။

Ref: https://mpanews.info/headline/14073/

Leave a Reply