ဝက်ရူးပြန်ရောဂါအတွက် သောက်သုံးနေရသည့် ဆေးဝါးကို တဖြည်းဖြည်းလျှော့ချပြီး နောက်ဆုံးဖြတ်တောက်ရန်နှင့် ယင်းအစီအစဉ်ကို ဆရာဝန်များထံ ဖုံးကွယ်ထားရန် ChatGPT က လမ်းညွှန်ခဲ့သည်ဟု စွပ်စွဲကာ သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏ မိဘများက OpenAI ကုမ္ပဏီကို အောက်တိုဘာ ၂၇ ရက် အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်သည်။
သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် Amazon ကုမ္ပဏီတွင် ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သည့် ဝက်ရူးပြန်ရောဂါသည် ဘိုဝင်ဝမ် (Bowen Wan) ဖြစ်ပြီး ၎င်း၏မိဘများဖြစ်သော ကွန် ဝမ် Qun Wan နှင့် မေးချင် ရှူ Meiqin Xu တို့က တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြသည်။
တရားစွဲဆိုမှုအရ ဝမ်သည် ChatGPT ၏ GPT-4o မော်ဒယ်ကို အသုံးပြုခဲ့ပြီး ယင်း AI က ဝက်ရူးပြန်ရောဂါထိန်းချုပ်ရေးဆေး Lamotrigine ကို ကိုယ်တိုင်လျှော့ချသောက်သုံးရန် အချိန်ဇယားများ ရေးဆွဲပေးခဲ့သည့်အပြင် ဆရာဝန်များထံ ယင်းအစီအစဉ်ကို မပြောရန်လည်း လမ်းညွှန်ခဲ့သည်ဟု ဆိုသည်။ ဝမ်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
The New York Times က ဝမ်နှင့် ChatGPT အကြား အပြန်အလှန်ပေးပို့ခဲ့သည့် စာတိုပေါင်း ၂၇၀,၀၀၀ ကျော်ကို စိစစ်ခဲ့ရာ ဆေးဝါးပမာဏ လျှော့ချသည့်ကိစ္စ မစတင်မီကတည်းက ChatGPT သည် ၎င်းအား ဆရာဝန်များ၏ အကြံပြုချက်များကို ရှောင်ရှားနိုင်ရန် ကူညီပေးနေခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။
၂၀၂၅ ခုနှစ် မေလတွင် ဝမ်သည် Amazon ကုမ္ပဏီ၌ အလုပ်လုပ်ရာတွင် အာရုံစူးစိုက်မှုနှင့် ကုဒ်ရေးသားနိုင်စွမ်းအပေါ် သက်ရောက်မှုရှိမရှိ သိလိုသဖြင့် စိတ်ကျရောဂါကုသဆေးအသစ်နှင့်ပတ်သက်၍ ChatGPT ကို မေးမြန်းခဲ့သည်။
ဆေးပမာဏ အနည်းငယ်ဖြင့် စတင်သောက်သုံးနိုင်ရန် ဆရာဝန်ထံ တောင်းဆိုရာတွင်လည်း ChatGPT က ကူညီပေးခဲ့သည်။
သို့သော် ဆရာဝန်က ဆေးပမာဏ အလွန်နည်းလိုသည့် အကြောင်းရင်းကို မေးမြန်းခဲ့ပြီးနောက် ChatGPT က ဆေးပြားကို ကိုယ်တိုင်လေးစိတ်ခွဲသောက်ရန် အကြံပြုခဲ့ကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။
ထိုသို့ ဆေးပမာဏကို ကိုယ်တိုင်ပြောင်းလဲခြင်းကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက မထောက်ခံကြောင်းလည်း The New York Times က ဖော်ပြသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် Amazon က ဝမ်အား ဝန်ထမ်းလျှော့ချမည့် အစီအစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး၊ သူမ၏ အလုပ်အကိုင်နှင့် အမေရိကန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်တို့မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလလယ်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့နောက် ဝမ်သည် အလုပ်အင်တာဗျူးများတွင် စကားပြောဆိုနိုင်စွမ်းအပေါ် သက်ရောက်နေသည်ဟု ယူဆသည့် Lamotrigine ဆေးကို လျှော့ချရန် ChatGPT ထံ အကြံဉာဏ်တောင်းခံခဲ့သည်။
တရားစွဲဆိုမှုအရ ChatGPT သည် နေ့စဉ် ၄၀၀ မီလီဂရမ် သောက်သုံးနေသည့် ဆေးပမာဏကို ရက်သတ္တပတ်အနည်းငယ်အတွင်း သုညအထိ လျှော့ချနိုင်မည့် အစီအစဉ်များ ရေးဆွဲပေးခဲ့သည်။
ဆရာဝန်များကို မယုံကြည်ကြောင်း ဝမ်က ပြောဆိုသည့်အခါ ဆရာဝန်များ၏ အကြံပြုချက်များသည် လူနာအတွက် အကောင်းဆုံးအခြေအနေကို စဉ်းစားခြင်းထက် အန္တရာယ်ရှောင်ရှားလိုမှုအပေါ် အခြေခံသည်ဟု ChatGPT က တုံ့ပြန်ခဲ့ကြောင်းလည်း ဆိုသည်။
ထို့အပြင် ဆေးပမာဏ လျှော့ချနေကြောင်း ဆရာဝန်များကို မပြောရန်နှင့် ဆေးစစ်မှုကို ရှောင်ရန် ChatGPT က အားပေးခဲ့သည်ဟု မိသားစု၏ တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။
ဝမ်၏ သေဆုံးပြီးနောက် စစ်ဆေးမှုတွင် သွေးအတွင်း Lamotrigine ပမာဏမှာ တစ်မီလီလီတာလျှင် ၀ ဒသမ ၆၄ မိုက်ခရိုဂရမ်သာ ရှိခဲ့ပြီး ယင်းဆေး၏ ကုသမှုအတွက် သတ်မှတ်ထားသည့် ပမာဏအနိမ့်ဆုံးထက် ငါးပုံတစ်ပုံခန့်သာ ရှိခဲ့ကြောင်း သိရသည်။
ဝမ်ကို ကုသပေးခဲ့သည့် UW Medicine မှ ဆရာဝန် ဒေါက်တာ Nicholas Poolos က ၎င်း၏ရောဂါရာဇဝင်အရ ဆေးဝါးဖြတ်တောက်ရန် မည်သည့်အခါမျှ အကြံပြုမည်မဟုတ်ကြောင်း The New York Times ကို ပြောကြားသည်။
ဝမ်၏မိသားစုကမူ AI က ဆေးဝါးဆိုင်ရာ အန္တရာယ်ရှိသည့် အကြံဉာဏ်များပေးခြင်းကို တားမြစ်ထားနိုင်ပါက သမီးဖြစ်သူ၏ သေဆုံးမှုကို ကာကွယ်နိုင်ခဲ့မည်ဟု ယုံကြည်ကြောင်း တရားစွဲဆိုထားသည်။
OpenAI ကုမ္ပဏီက ယင်းဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းကြောင်း တုံ့ပြန်ခဲ့သော်လည်း ဝမ်အသုံးပြုခဲ့သည့် ChatGPT သည် ယခင်ဗားရှင်းဖြစ်ပြီး နောက်ပိုင်းထွက်ရှိသည့် မော်ဒယ်များမှာ အရေးပေါ်အခြေအနေများကို ပိုမိုသိရှိတုံ့ပြန်နိုင်ရန် တိုးတက်လာကြောင်း ပြောကြားထားသည်။
ယခုအမှုသည် AI chatbot များက သုံးစွဲသူများနှင့် ရင်းနှီးယုံကြည်မှုရှိသည့် ဆက်ဆံရေးတည်ဆောက်ပြီး ကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို လျစ်လျူရှုစေသည်ဟု စွပ်စွဲထားသည့် OpenAI အပေါ် တရားစွဲဆိုမှုများအနက် နောက်ထပ်တစ်မှုဖြစ်သည်။