မိုင်းလားတွင် ဟော့ပေါ့ဆိုင်ကြီးကို ကားဝင်တိုက်

ရှမ်းပြည်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်ထားသည့် မိုင်းလားမြို့တွင် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ဟော့ပေါ့ဆိုင်အတွင်း ကားတစ်စီး ဝင်ရောက်တိုက်မိခဲ့ရာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်အတွင်းရှိ ပစ္စည်းအများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်တွင် မိုင်းလားမြို့၊ ကမ္ဘာလုံးအနီးရှိ “စဉ်လှိုင်းသိမ်း” ဟိုတယ်ဘေးမှ “ရှင်းကြည့်” ဟော့ပေါ့ဆိုင်အတွင်းသို့ ကားတစ်စီး ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

“အပြင်မှာ ရှိတဲ့ကားတစ်စီးကို အရင်တိုက်ပြီးမှ ဆိုင်ထဲကို ဝင်တိုက်တာ။ မနက်ပိုင်း လူရှင်းနေလို့သာ တော်သေးတယ်။ လူများတဲ့အချိန်ဆိုရင် မလွယ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟော့ပေါ့ဆိုင်အတွင်း ဝင်ရောက်တိုက်မိခဲ့သည့်ကားမှာ အနက်ရောင် Toyota Crown 2010 မော်ဒယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းကို မိုင်းလားရဲတပ်ဖွဲ့က ခေါ်ယူသွားကြောင်းလည်း သိရသည်။

မိုင်းလားမြို့တွင် ယာဉ်စည်းကမ်းများကို ကြပ်မတ်လျက်ရှိသော်လည်း ရက်ပိုင်းအတွင်း ယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရက်ပိုင်းအတွင်းကလည်း ကျင်ခမ်းလမ်းဘေးရှိ ရေမြောင်းအတွင်းသို့ ကားတစ်စီး ထိုးကျခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သလို ပန်းခြံရှိ ရေအိုင်အတွင်းသို့လည်း အရှိန်လွန်သည့်ကားတစ်စီး ကျရောက်ခဲ့သည့်ဖြစ်စဉ် ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယာဉ်မတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရန် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့မောင်းနှင်ပြီး ယာဉ်စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/

Leave a Reply