လပေါ်မှာ ထာဝရ အိပ်စက်နေတဲ့ တဦးတည်းသော လူသား

ညဘက် ကောင်းကင်ယံကို မော့ကြည့်လိုက်တိုင်း လင်းလက်နေတဲ့ လမင်းကြီးပေါ်ကို လူသားတွေ ခြေချနိုင်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အာကာသ သမိုင်းတလျှောက် နီးလ် အမ်းစထရောင်း အပါအဝင် အာကာသယာဉ်မှူး ၁၂ ယောက်ဟာ လပေါ်ကို အောင်မြင်စွာ သွားရောက် ခြေချနိုင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီလပေါ်မှာ သက်ရှိထင်ရှား သွားရောက်ခဲ့တာ မဟုတ်ဘဲ သေဆုံးပြီးမှ အရိုးပြာအဖြစ်နဲ့ လပေါ်မှာ ထာဝရ အိပ်စက်ခွင့်ရခဲ့တဲ့ လူတစ်ယောက် ရှိတယ်ဆိုတာ မိတ်ဆွေ သိချင်မှ သိပါလိမ့်မယ်။

ကမ္ဘာ့သမိုင်းမှာ လပေါ်ကို အရိုးပြာ ပို့လွှတ်ခြင်း ခံရတဲ့ တစ်ဦးတည်း သူကတော့ အမေရိကန် နက္ခတ္တဘူမိဗေဒ ပညာရှင် ယူဂျင်း ရှူးမေကာ (Eugene Shoemaker) ပဲ ဖြစ်ပါတယ်။

သူဟာ သာမန် သိပ္ပံပညာရှင် တစ်ယောက် မဟုတ်ပါဘူး။ နက္ခတ္တဗေဒနဲ့ ဘူမိဗေဒကို ပေါင်းစပ်ပြီး နက္ခတ္တဘူမိဗေဒ (Astrogeology) ဆိုတဲ့ ပညာရပ်အသစ်ကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်တုန်းက ဂျူပီတာဂြိုဟ်ကို ဝင်တိုက်ခဲ့တဲ့ နာမည်ကျော် Shoemaker-Levy 9 ကြယ်တံခွန်ကို သူနဲ့ သူ့ဇနီးဖြစ်သူတို့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဥက္ကာပျံ ဝင်တိုက်လို့ ဖြစ်ပေါ်လာတဲ့ ချိုင့်ခွက်ကြီးတွေကိုလည်း အသေးစိတ် လေ့လာ သုတေသန ပြုလုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပညာရှင်ကြီး တစ်ဦး ဖြစ်ပါတယ်။

ရှူးမေကာ ရဲ့ အကြီးမားဆုံး အိပ်မက်က အာကာသယာဉ်မှူး တစ်ယောက် ဖြစ်လာဖို့နဲ့ လပေါ်ကို ကိုယ်တိုင် သွားရောက်ဖို့ပဲ ဖြစ်ပါတယ်။ လပေါ်က ကျောက်တုံးတွေ၊ ချိုင့်ခွက်တွေကို သူကိုယ်တိုင်ကိုယ်ကျ လေ့လာချင်ခဲ့တာပါ။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ့မှာ အက်ဒီဆင် ရောဂါ (Addison’s disease) လို့ခေါ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု ရှိနေခဲ့ပါတယ်။ ဒီရောဂါကြောင့် နာဆာ က သူ့ကို အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခွင့် မပြုခဲ့ပါဘူး။

လပေါ်ကို ကိုယ်တိုင် မသွားရပေမဲ့ သူဟာ စိတ်ဓာတ်မကျခဲ့ပါဘူး။ လပေါ်သွားမယ့် Apollo အာကာသယာဉ်မှူးတွေကို လပေါ်ရောက်ရင် ဘယ်လို ကျောက်တုံးမျိုးကို ရွေးချယ် ကောက်ယူရမယ် ဆိုတာကို အသေးစိတ် သင်တန်းပေးတဲ့ ဆရာတစ်ယောက်အဖြစ် သူ အစွမ်းကုန် ကူညီပေးခဲ့ပါတယ်။ နီးလ် အမ်းစထရောင်း တို့လို ယာဉ်မှူးတွေဟာ လပေါ်မသွားခင် ရှူးမိတ်ကာ ဆီမှာ သင်တန်း တက်ခဲ့ရတာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ ဩစတြေးလျနိုင်ငံက ဥက္ကာပျံ ချိုင့်ခွက်တွေကို လေ့လာဖို့ ခရီးထွက်ရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး ရှူးမေကာ တစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။

ဒီသတင်းကို ကြားတဲ့အခါ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တွေနဲ့ တပည့်တွေက ရှူးမိတ်ကာရဲ့ မပြည့်ဝခဲ့တဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒါကတော့ ကမ္ဘာမြေကို အမြဲတမ်း ငေးကြည့်နေခဲ့ရတဲ့ သူ့ရဲ့ အရိုးပြာကို လပေါ် တိုက်ရိုက် ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ နာဆာ ကနေ Lunar Prospector ဆိုတဲ့ အာကာသစူးစမ်းလေ့လာရေး ယာဉ်တစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။ အဲဒီယာဉ်ပေါ်မှာ ရှူးမိတ်ကာရဲ့ အရိုးပြာ တစ်အောင်စခန့်ကို အထူးပြုလုပ်ထားတဲ့ ပိုလီကာဗွန်နိတ် ဘူးလေးထဲ ထည့်ပြီး သယ်ဆောင်သွားခဲ့ပါတယ်။

အဲဒီဘူးလေးကို ကြေးဝါပြားလေး တစ်ခုနဲ့ အသေအချာ ထုပ်ပိုးထားပါတယ်။ အဲဒီ ကြေးဝါပြားပေါ်မှာ အောက်ပါ အမှတ်တရတွေကို ထွင်းထုပေးခဲ့ပါတယ်။

သူလေ့လာခဲ့တဲ့ ကမ္ဘာပေါ်က ဥက္ကာပျံ ချိုင့်ခွက် (Meteor Crater) ပုံရိပ်။

သူ မကွယ်လွန်မီ ဇနီးဖြစ်သူနှင့် အတူတူ ကြည့်ရှုခွင့်ရခဲ့သည့် နာမည်ကျော် Hale-Bopp ကြယ်တံခွန်ပုံရိပ်။

နာမည်ကျော် ရိုမီယိုနဲ့ ဂျူးလိယက် ပြဇာတ်ထဲက ကဗျာစာသားလေး တစ်ခု။

“သူ ကွယ်လွန်သွားတဲ့အခါ သူ့ကို ကြယ်ပွင့်လေးတွေ အဖြစ် ဖန်တီးလိုက်ပါ။ သူဟာ ကောင်းကင်ယံကို လှပအောင် ဖန်တီးပေးပါလိမ့်မယ်” (And, when he shall die, Take him and cut him out in little stars…)

Lunar Prospector ယာဉ်ဟာ လပတ်လမ်းထဲမှာ တစ်နှစ်ခွဲကျော်ကြာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ လရဲ့ တောင်ဝန်ရိုးစွန်းနားက Shoemaker လို့ အမည်ပေးထားတဲ့ ချိုင့်ခွက်တစ်ခုထဲကို အရှိန်နဲ့ ဝင်တိုက်ပြီး သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ယာဉ်ပေါ်မှာ ပါလာတဲ့ ရှူးမိတ်ကာရဲ့ အရိုးပြာဘူးလေးဟာလည်း လပေါ်မှာ အမြဲတမ်း ကိန်းအောင်းသွားခဲ့ပါတော့တယ်။

ဒီကနေ့အချိန်ထိ ယူဂျင်း ရှူးမေကာ ဟာ လပေါ်မှာ အရိုးပြာ ရှိနေတဲ့ တစ်ဦးတည်းသော လူသားအဖြစ် စံချိန်တင် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။

Ref: https://www.facebook.com/thutamyotaw/
FflScience : The Only Human To Be Buried On The Moon
NBC News : ‘Burying’ a man on the moon
Wikipedia : Eugene Merle Shoemaker