လားရှိုးမှ မန္တလေးသို့ သယ်ယူရောင်းချသည့် ကျပ်သိန်း ၁၄၈၅၀ ရှိ ဘိန်းဖြူများကို ဖမ်းမိ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှ မန္တလေးမြို့သို့ သယ်ယူရောင်းချသည့် တန်ဖိုး ကျပ်သိန်းပေါင်း ၁၄၈၅၀ ရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ မူးယစ်ရဲတပ်ဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ဩဂုတ် ၃ ရက်တွင် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၌ ဟိုက်ဂျက်ကားဖြင့် ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို သယ်လာသည့် အမျိုးသမီး ၂ ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ ယင်းမူးယစ်းဆေးဝါးများကို လားရှိုးမြို့နေ အန်ဇန် ဆိုသူက လားရှိုးမြို့မှ မန္တလေးမြို့သို့ ရောင်းချ သယ်ယူပေးခြင်းဖြစ်ပြီး ကျောက်မဲမြို့နေ စိုင်းနော်ခမ်းဆိုသူက အဖမ်းခံရသည့် အမျိုးသမီး ၂ ဦးထံ လွဲပြောင်းပေးခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ လွဲပြောင်းပြီးနောက် ချမ်းမသာစည်မြို့မှ မကြည်ကြည်အေးနှင့် နန်းမြရင်ဆိုသူတို့က မူးယစ်ဆေးဝါးကို ဆက်လက်သယ်ယူစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လားရှိုးမြို့မှ မန္တလေးသို့ မူးယစ်ဆေး သယ်ယူရောင်းချပေးသည် အန်ဇန် နှင့် စိုင်းနော်ခမ်းတို့ ၂ ဦးမှာမူ ဖမ်းဆီးရမိခြင်းမရှိပဲ လွတ်မြောက်နေဆဲဖြစ်သည်ဟု စစ်ကောင်စီ မူးယစ်ရဲတပ်ဖွဲ့ကဆိုသည်။

ဖမ်းဆီးရမိသည့်သူ၂ဦးကိုမူ သက်ဆိုင်ရာ မူးယစ်ဆေးဝါးဥပဒေဖြင့် အမှုဖွင့်ကာ အရေးယူထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Ref: https://www.facebook.com/MeKongNewsMM/