ပြည်နယ်အုပ်ချုပ်ရေး အကြီးအကဲကို ပစ်ခတ်ပြီးနောက် နွန်သာဘူရီအမတ်ဟောင်း ရဲတပ်ဖွဲ့ထံ အဖမ်းခံ

ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့(PAO) ဥက္ကဌ ရဲဗိုလ်မှူးကြီး သောင်ချိုင်ယန်ပရာဆတ်အာ နှင့် ၎င်း၏ ယာဉ်မောင်းအား ယနေ့နံနက်တွင် ပစ်ခတ်ခဲ့ပြီးနောက် နွန်သာဘူရီမှ လွှတ်‌တော်အမတ်ဟောင်း ချာလောင် ရီယာအိုရန် က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း သိရသည်။

ရက်တနာသီဘက် လမ်းပေါ်တွင်ရှိသော နွန်သာဘူရီပြည်နယ် အစိုးရရုံးဝင်းရှိ နွန်သာဘူရီ PAO ရုံးမှထွက်ခွာရန် အကြီးအကဲ သောင်ချိုင်က ပြင်ဆင်နေစဉ် နံနက် ၁၀ နာရီ ၂၀ ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အုပ်ချုပ်ရေးအကြီးအကဲ သောင်ချိုင်ကို စောင့်ဆိုင်းနေသော ချာလောင်က သောင်ချိုင်၏ ကားမှန်ကို ခေါက်လိုက်၍ စကားပြောရန် သောင်ချိုင်က ကားတံခါးကို ဖွင့်လိုက်ချိန်မှာပင် ချာလောင်က အသင့်ပါလာသော သေနတ်ကို ထုတ်၍ ပစ်ခတ်ခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

သောင်ချိုင်သည် ချက်ကောင်းနေရာများ အပါအဝင် သေနတ် ၄ ချက် ထိမှန်ခဲ့ပြီး ၎င်း၏ ယာဉ်မောင်းလည်း သေနတ်တစ်ချက်ထိခဲ့သည်။

နွန်သာဘူရီမြို့တော် စည်ပင်သာယာရေးအဖွဲ့မှ ကယ်ဆယ်ရေးလုပ်သားများက အရေးပေါ်နှလုံးနှိုးခြင်း အပါအဝင် အရေးပေါ် ကုသမှုများ လုပ်ဆောင်ပေးပြီးနောက် ၎င်းတို့ ၂ ဦးကို ဖရာနန့်ကလောင် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

ပစ်ခတ်မှုလုပ်ဆောင်ပြီးနောက် ချာလောင်က သေနတ်အိတ်ထဲသို့ သေနတ်ကို ပြန်ထည့်လိုက်ပြီး ယင်းနေရာမှ လမ်းလျှောက်ထွက်ခွာသွားသည်ကို အနီးအနားခရိုင်ပြည်သူ့ကျန်းမာရေးရုံးမှ ဝန်ထမ်းများက မှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။

နောက်ပိုင်းတွင် ချာလောင်က ရဲတပ်ဖွဲ့တွင် အဖမ်းခံခဲ့သည်။

ပစ်ခတ် မှုဖြစ်ပွားခဲ့ပြီး‌နောက် နာမည်ကျော် မီဒီယာသမား အန်ဂျလီ‌ဂျေပေါင် ပိုင်ရီရက်အား ဖုန်းခေါ်ဆို၍ ၎င်းအနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့(PAO) ဥက္ကဌ ကို သေနတ်ဖြင့် ၄ ၊ ၅ ချက် ပစ်ခတ်ခဲ့ကြောင်း ချာလောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့နောက် နိုင်ငံ‌ရေး နှင့် ငွေကြေးအငြင်းပွားမှုများအကြောင်း ချာလောင်က ဖွင့်ဟခဲ့သည်ဟု အန်ဂျလိက ပြောကြားခဲ့သော်လည်း လွတ်လပ်စွာ စိစစ်အတည်မပြုရသေးဘဲ ရဲတပ်ဖွဲ့က ပစ်ခတ်ရသော အကြောင်းရင်းကို အတည်ပြု ပြောကြားခြင်း မရှိ‌ပေ။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

Ref:Khaosod
Ref: https://www.facebook.com/MeKongNewsMM/