ဖြုတ်ချခံခဲ့ရသည့် ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်ကို ပြည်တွင်းစစ်ကာလအတွင်း စစ်ရာဇဝတ်မှုများ ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဩဂုတ် ၁၁ ရက်တွင် ဆုံးဖြတ်ပြီးနောက် မျက်ကွယ်သေဒဏ် ချမှတ်လိုက်သည်။အာဆတ်အပေါ် ပထမဆုံးအကြိမ် ပြစ်မှုထင်ရှား စီရင်ချက်ချမှတ်ခြင်းဖြစ်သည်။
အာဆတ်သည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာတွင် ဆီးရီးယားအစိုးရ ဖြုတ်ချခံရပြီးနောက် ဒမတ်စကတ်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ မိသားစုလိုက်ထွက်ပြေးခဲ့ပြီး ရုရှားတွင် နိုင်ငံရေးခိုလှုံခွင့် ရခဲ့သည်။

အာဆတ်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူလည်းဖြစ်၊ ဆီးရီးယားတောင်ပိုင်း ဒရာအာပြည်နယ်မှ အကြီးအကဲဟောင်းလည်းဖြစ်သည့် အာတက်ဖ် နာဂျစ်ကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။ ရုံးတော်တွင် တရားသူကြီးက ၎င်း၏ ပြစ်ဒဏ်ကို ဖတ်ကြားနေစဉ် နာဂျစ်သည် အကျဉ်းသားဝတ်စုံဖြင့် လှောင်အိမ်ထဲတွင် ရှိနေခဲ့သည်။ဒရာအာဒေသသည် အာဆတ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လူထုအုံကြွမှု အစပြုရာနေရာအဖြစ် သတ်မှတ်ခံထားရသည်။
တရားရုံးက စစ်တပ်နှင့် လုံခြုံရေးအဖွဲ့များမှ အရာရှိဟောင်းခြောက်ဦးကိုလည်း မျက်ကွယ်သေဒဏ် ချမှတ်ခဲ့သည်။ အာဆတ်၏ညီ မာဟာအာဆတ်လည်း ပါဝင်သည်။ မာဟာသည် ဆီးရီးယားစစ်တပ်၏ အထူးတပ်ဖွဲ့ဖြစ်သည့် Fourth Division ကို ဦးဆောင်သူဖြစ်ပြီး မော်စကိုသို့ ထွက်ပြေးသည့်အထဲ ၎င်းလည်းပါသည်။ပြစ်မှုထင်ရှား စီရင်ခံရသူများထဲတွင် ဆီးရီးယားကာကွယ်ရေးဝန်ကြီးဟောင်း ဖာဟက်ဖရီးဂျ်လည်း ပါဝင်သည်။

စီရင်ချက်ထွက်လာပြီးနောက် တရားရုံးအပြင်ဘက်တွင် လူအုပ်က လက်ခုပ်တီး ကြွေးကြော်ခဲ့ကာ မော်တော်ယာဉ်များကလည်း ဝမ်းသာမှုကိုပြသည့်အနေဖြင့် ဟွန်းတီးခဲ့ကြသည်။သို့သော် အာဆတ်တို့ညီအစ်ကိုနှစ်ဦးကို ရုရှားက ဆီးရီးယားအစိုးရသစ်ထံ ပြန်လည်လွှဲပြောင်းပေးမည် ၊ မပေးမည်ကို မသိနိုင်သေးပေ။
အာဆတ်သည် ဖခင် ဟာဖက်ဇ် အယ်လ်အာဆတ် ကွယ်လွန်ပြီးနောက် ၂၀၀၀ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သည်။ ဒုတိယသားဖြစ်သူ အာဆတ်သည် မူလက ဆီးရီးယားခေါင်းဆောင်ဖြစ်လာရန် ရည်ရွယ်ခံရသူ မဟုတ်ပေ။ အစ်ကိုဖြစ်သူ ဘာဆယ်အာဆတ်က ၁၉၉၄ ခုနှစ်တွင် ကားမတော်တဆမှုဖြင့် သေဆုံးခဲ့သည့်အတွက် ဘာရှာအာဆတ်က အာဏာဆက်ခံခွင့် ရခဲ့ခြင်းဖြစ်သည်။
■ Ref: BBC
Ref: https://www.facebook.com/ElevenMediaGroup/
Photo: AP