ချစ်သူကို လည်ပင်းညှစ်သတ်ပြီး အလုပ်ခွင်ရှိ ရေခဲသေတ္တာထဲ ထည့်ထားသည့် ထိုင်ဝမ်အမျိုးသား ဖမ်းခံရ

အသက် ၄၃ နှစ်အရွယ် ထိုင်ဝမ်အမျိုးသားတစ်ဦးသည် အသက် ၃၆ နှစ်အရွယ် ထိုင်းချစ်သူအမျိုးသမီးကို သတ်ဖြတ်ပြီး အလောင်းကို တိုင်ချုံးမြို့ရှိ ၎င်း၏အလုပ်ခွင်မှ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသည်ဟု သံသယရှိသဖြင့် ဖမ်းဆီးခံထားရကြောင်း ထိုင်ဝမ်ရဲတပ်ဖွဲ့က ပြောသည်။

ဝူဟု မျိုးရိုးအမည်ဖော်ပြထားသည့် အဆိုပါအမျိုးသားကို အမျိုးသမီးပျောက်ဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းနေသည့် ထိုင်ပေမြို့ရဲတပ်ဖွဲ့က တိုင်ချုံးမြို့အထိ ခြေရာခံရှာဖွေပြီး ၎င်း၏အလုပ်ခွင်ကို ဝင်ရောက်ရှာဖွေရာ အမျိုးသမီး ၏အလောင်းကို တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုင်ပေမြို့ရဲတပ်ဖွဲ့၏ ဝမ်ဟွာရဲစခန်းအဆိုအရ ဒေသတွင်းမီဒီယာများက Arth ဟု အမည်ဖော်ပြထားသည့် ထိုင်းအမျိုးသမီးသည် ဝူနှင့် ၎င်း ထိုင်းနိုင်ငံသို့ ခရီးသွားစဉ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ချစ်သူများအဖြစ် တစ်နှစ်ခန့် အဝေးကနေ ဆက်ဆံခဲ့ကြပြီး တစ်ဦးထံတစ်ဦး လာရောက်တွေ့ဆုံရန် ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံကြား ခရီးသွားခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့၏အဆိုအရ အဆိုပါအမျိုးသမီးသည် စက်တင်ဘာ ၂ ရက်တွင် ထိုင်ဝမ်သို့ ရောက်ရှိလာပြီး ထိုင်ပေမြို့၊ ဆီမန်တင်း (Ximending) ဒေသရှိ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့သည်။ ၎င်းသည် ချစ်သူဖြစ်သူနှင့် ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက် ထိုင်ဝမ်သို့လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမျိုးသမီး၏ မိသားစုဝင်များက ၎င်းနှင့် အဆက်အသွယ်မရတော့သဖြင့် ထိုင်ဝမ်ရှိ ၎င်း၏မိတ်ဆွေများက စက်တင်ဘာ ၈ ရက်တွင် ရဲတပ်ဖွဲ့ထံ ပျောက်ဆုံးနေကြောင်း တိုင်ကြားခဲ့သည်ဟု ထိုင်ဝမ်ဗဟိုသတင်းအေဂျင်စီ (CNA) က ဖော်ပြသည်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးရာ ဝူသည် စက်တင်ဘာ ၁၂ ရက်တွင် အဆိုပါဟိုတယ်အတွင်း ဝင်ရောက်လာခဲ့ပြီး စက်တင်ဘာ ၁၃ ရက် အစောပိုင်းအချိန်တွင် အရွယ်အစားကြီးမားသည့် ခရီးဆောင်အိတ်တစ်လုံးကို သယ်ဆောင်ကာ ဟိုတယ်မှ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် အဆိုပါအိတ်ကို ၎င်း၏ကားနောက်ဖုံးအတွင်း ထည့်ပြီး တိုင်ချုံးမြို့ဘက်သို့ မောင်းနှင်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

စစ်ဆေးမေးမြန်းမှုအတွင်း ဝူက အမျိုးသမီးက ချစ်သူဆက်ဆံရေးကို အဆုံးသတ်လိုကြောင်း ပြောဆိုခဲ့ပြီးနောက် စိတ်ထိန်းချုပ်မှုလွတ်သွားကာ လည်ပင်းညှစ်သတ်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် CNA ၏ ဖော်ပြချက်အရ ဝူက အဆိုပါသေဆုံးမှုမှာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းမဟုတ်ဘဲ မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ထို့နောက် ရဲတပ်ဖွဲ့သည် ဝူ အလုပ်လုပ်နေသည့် နည်းပညာကုမ္ပဏီကို ဝင်ရောက်ရှာဖွေခဲ့ပြီး စက်တင်ဘာ ၂၀ ရက် နံနက်အစောပိုင်းတွင် အလုပ်ခွင်ရှိ ရေခဲသေတ္တာအတွင်း အမျိုးသမီး၏အလောင်းကို တွေ့ရှိခဲ့သည်။

ပဏာမ မှုခင်းဆေးပညာစစ်ဆေးချက်အရ အမျိုးသမီးသည် လည်ပင်းညှစ်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဝူကို လူသတ်မှုဖြင့် သံသယရှိသူအဖြစ် ဆက်လက်စစ်ဆေးနိုင်ရန် အစိုးရရှေ့နေများထံ လွှဲပြောင်းပေးထားပြီး အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Ref: https://mpanews.info/headline/12964/