ထိုင်းနိုင်ငံတွင် ဓားဖြင့် ထိုးသတ်ခံထားရသည့် မြန်မာအလုပ်သမားအလောင်းကို ဘုန်းကြီးကျောင်းသို့ လာပစ်သော တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းပြည်သူများက ၀ိုင်းဝန်းဖမ်းဆီး

ထိုင်းနိုင်ငံ ရယောင်းခရိုင်၊ နိခုံဖတ်ထာမြို့နယ်၊ မတ်ခါကျေးရွာရှိ Wat Mab Kha ဘုန်းကြီးကျောင်းအတွင်းသို့ မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကို ကားဖြင့် လာရောက်စွန့်ပစ်ပြီး ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းဒေသခံများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က သတင်းဖော်ပြသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်အချိန် မတ်ခါကျေးရွာ၊ မူ ၅ ရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ဆီဒန်ကားတစ်စီးနှင့် ပစ်ကပ်ကားတစ်စီး ဝင်ရောက်လာပြီး သံသယဖြစ်ဖွယ် ရပ်ထားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် မတ်ခါကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က ဘုန်းကြီးကျောင်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရောက်ရှိချိန်တွင် ကား ၂ စီးကို ဝိုင်းထားနိုင်ခဲ့ပြီး ပစ်ကပ်ကားနောက်ခန်းအတွင်း ပလတ်စတစ်ဖြင့် ပတ်ထားသည့် မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သည်။

ထို့အပြင် အလောင်းကို သယ်ဆောင်လာသည့်အဖွဲ့ထဲမှ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အခြား ၂ ဦးမှာ မှောင်ရိပ်ကို အခွင့်ကောင်းယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားများအနက် အနက်ရောင်အင်္ကျီဝတ်ထားသည့် မစ္စတာပေါင်က ကနဦးစစ်ဆေးမေးမြန်းမှုအတွင်း ထွက်ဆိုချက်အရ ဖြစ်စဉ်မှာ ဆောက်လုပ်ရေးအလုပ်သမားများ နေထိုင်သည့် အခန်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်း၏ ထွက်ဆိုချက်အရ သေဆုံးသူမှာ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးဖြစ်ပြီး အခြားမြန်မာအလုပ်သမားများနှင့်အတူ အရက်သောက်နေစဉ် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ရိုက်နှက်ထိုးကြိတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာအလုပ်သမား သေဆုံးသွားပြီးနောက် အလုပ်ရှင်က အလောင်းကို ကားပေါ် တင်ပြီး ဘုန်းကြီး ကျောင်းတွင် လာရောက်စွန့်ပစ်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

အလောင်းကို လာရောက်စွန့်ပစ်စဉ် ဘုန်းကြီးကျောင်းအတွင်းရှိ ခွေးများက ပုံမှန်မဟုတ်ဘဲ အလွန်ကျယ်လောင်စွာ ဟောင်နေသောကြောင့် ကျောင်းထိုင်ဆရာတော် Phra Baitika Anucha Thanathammoက သံသယဖြစ်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်က ဘုန်းကြီးကျောင်းအတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို စစ်ဆေးကြည့်ရှုပြီးနောက် ကျောင်းရှိ အခြားသံဃာတစ်ပါးနှင့်အတူ အပြင်ထွက်စစ်ဆေးခဲ့ရာ ဆီဒန်ကားတစ်စီးနှင့် ပစ်ကပ်ကားတစ်စီး ကျောင်းဝင်းအတွင်း ဝင်ရောက်ရပ်ထားသည်ကို တွေ့ရှိခဲ့သည်။

ထို့နောက် ဆရာတော်က မတ်ခါကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်ထံသို့ ဖုန်းဆက်အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ရောက်ရှိလာချိန်တွင် ကားနှစ်စီးပေါ်မှ လူများက ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ဘုန်းကြီးကျောင်းအတွင်းနှင့် အနီးဝန်းကျင်တွင် ဒေသခံများက ဝိုင်းပိတ်ထားနိုင်သဖြင့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက်ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်ပွားခဲ့ရာ နိခုံဖတ်ထာမြို့နယ်၊ မတ်ခါကျေးရွာ၊ မူ ၁၊ Kached Lower Community၊ Soi 7 ရှိ ဆောက်လုပ်ရေးအလုပ်သမားများ နေထိုင်သည့် အဆောင်သို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့က အဆောင်အတွင်း စစ်ဆေးရာတွင် အလုပ်သမားများ စုပေါင်း အရက်သောက်ထားသည့် အထောက်အထားများနှင့် ပစ္စည်းများ ပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့သည်။

ကနဦးစစ်ဆေးချက်အရ အခင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးရရှိရေး၊ထွက်ပြေးလွတ် မြောက် နေသူများအား ဖမ်းဆီးကာ ဥပဒေအရ အရေးယူနိုင်ရေး ထိုင်းရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရှိရသည်။

Ref: https://www.facebook.com/khitthitnews/posts/