ချစ်သူနှင့်သွားလာသည်ကို ရွာစည်းကမ်းဖောက်သည်ဟုဆိုကာ အိမ်ဖျက်ဆီး ရိုက်နှက်ခံရသည့်အမျိုးသမီး ရွာကိုတောင်းပန်ပြီး ကျေအေး

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာတွင် ချစ်သူနှင့်အတူ သွားလာနေထိုင်သည်ကို ရွာစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ နေအိမ်ဖျက်ဆီးခံရပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရသည့် အမျိုးသမီးငယ်သည် ကျေးရွာဘက်သို့ ပြန်လည်တောင်းပန်ပြီးနောက် အမှုကို ကျေအေးခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်ဘက်က ကျေးရွာ၊ ကျေးရွာလူကြီးများ၊ ကျေးရွာခေါင်းဆောင်များနှင့် အပျိုလူပျိုများထံ ပြန်လည်တောင်းပန်ခဲ့ရပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုအတွက် ရွာသူကြီးဘက်က လျော်ကြေးငွေပေးအပ်ကာ ကျေအေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ရာ စက်တင်ဘာ ၁၇ ရက်စွဲဖြင့် ကျေးရွာလူကြီးဘက်က အမျိုးသမီးငယ်သည် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု စွပ်စွဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သို့သော် ချစ်သူရည်းစားနှင့် သွားလာခြင်း၊ ချစ်သူနှင့်အတူ နေထိုင်ခြင်းတို့ကိုသာ အခြေခံ၍ ပြည့်တန်ဆာလုပ်ကိုင်သူဟု သတ်မှတ်နိုင်ခြင်းမရှိကြောင်း ဝေဖန်သူများက ထောက်ပြထားသည်။

ထို့အပြင် အမျိုးသမီးငယ်အပေါ် ပြည့်တန်ဆာလုပ်ကိုင်သည်ဟု စွပ်စွဲခြင်းနှင့် နေအိမ်ဖျက်ဆီးခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့သည် သီးခြားစီ စိစစ်ရမည့်ကိစ္စများဖြစ်ပြီး ရွာစည်းကမ်းဟုဆိုသည့် အကြောင်းပြချက်ဖြင့် အခြားသူ၏ နေအိမ်ကို ဖျက်ဆီးခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို တရားဝင်ခွင့်ပြုနိုင်ခြင်းမရှိကြောင်းလည်း ထောက်ပြမှုများ ရှိနေသည်။

“အိမ်ဖျက်ဆီးခံရပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံခဲ့ရတဲ့သူကပဲ ရွာကိုပြန်တောင်းပန်ရတယ်ဆိုတာ တကယ်စဉ်းစားစရာပါ။ ရွာစည်းကမ်းဆိုတာ ရှိနိုင်ပေမယ့် လူတစ်ယောက်ရဲ့ နေအိမ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်ဖို့တော့ အကြောင်းပြချက်မဖြစ်သင့်ဘူး။ ဒီကိစ္စမှာ ဘယ်သူက ဘာကျူးလွန်ခဲ့တယ်ဆိုတာကို မျှမျှတတ စိစစ်ဖို့လိုပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဥပဒေအရလည်း နေအိမ်ဖျက်ဆီးမှု၊ ကိုယ်ထိလက်ရောက် နာကျင်စေမှုနှင့် ကျူးကျော်ဝင်ရောက်မှုတို့အတွက် ဖြစ်စဉ်နှင့် သက်သေအထောက်အထားများအပေါ် မူတည်၍ သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူနိုင်ခြေရှိသော်လည်း မည်သည့်ပုဒ်မများ အကျုံးဝင်မည်နှင့် ပြစ်ဒဏ်မည်မျှ ချမှတ်နိုင်မည်ဆိုသည်မှာ တရားဥပဒေအရ စိစစ်ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။

အမှုကျေအေးသွားပြီးနောက် အမျိုးသမီးငယ်ဘက်က ကျေးရွာ၊ ကျေးရွာလူကြီးများ၊ ကျေးရွာခေါင်းဆောင်များနှင့် အပျိုလူပျိုများကို ပြန်လည်တောင်းပန်ခဲ့ကြောင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုအတွက် ရရှိခဲ့သည့် လျော်ကြေးငွေအားလုံးကိုလည်း ကျေးရွာသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါအခြေအနေသည် နေအိမ်ဖျက်ဆီးခံရပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးငယ်ဘက်ကပင် ကျေးရွာသို့ ပြန်လည်တောင်းပန်ရသည့် ပုံစံဖြစ်ပေါ်လာသဖြင့် လူမှုကွန်ရက်အသုံးပြုသူများနှင့် ဒေသခံများအကြား မေးခွန်းထုတ်ဝေဖန်မှုများ ဆက်လက်ရှိနေသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/