တာချီလိတ်မြို့ ဝမ်ကောင်းရက်ကွက်ရှိ ရတနာလမ်းသွယ် (၈) လမ်းထိပ်အနီးမှာ ကွမ်းယာ၊ ဓာတ်ဆီနှင့်အတူ ထိုင်းထီနှင့် ချဲရောင်းချနေသူ အမျိုးသမီးတစ်ဦးကို ယနေ့စက်တင်ဘာလ (၁၆)ရက်နေ့ (၁၁)နာရီခန့်မှာ ရဲတပ်ဖွဲ့က အရပ်ဝတ်နဲ့ အသွင်ယူကာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ထိုင်းထီနဲ့ ချဲရောင်းချတဲ့အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ အသက် (၆၀)ကျော်အရွယ်ဖြစ်ပြီး ဝမ်ကောင်းရပ်ကွက်အတွင်းနေထိုင်ကာ ဖမ်းဆီးခံရတဲ့ ကွမ်းယာဆိုင်မှာပင် စျေးရောင်းချနေတာဟာ (၄) နှစ်ကျော် (၅) နှစ်ဝန်းကျင်ရှိတယ်လို့ သိရှိရပါတယ်။
“နေ့လည် (၁၁) နာရီလောက်ကထင်တယ်။ ဦးဇင်းက ဘေးမှာ မုန့်ဟင်းခါး ဘုန်းနေတာ ။ အရပ်ဝတ်နဲ့ ယောက်ကျား (၄)ယောက်က အနောက် လမ်းကနေဝင်လာပြီး ဖမ်းသွားတာတွေ့လိုက်တယ်။ ဘယ်ကသူတွေလည်းတော့ ဦးဇင်းလည်းသေချာမသိဘူး”လို့ ဖမ်းခံရတဲ့ဆိုင်ဘေးက မုန့်ဟင်းခါးဘုန်းနေတဲ့ ဦးဇင်းတစ်ပါးက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
ထိုအမျိုးသမီးကို အိမ်စီးကားအဖြူရောင်နှင့်အတူ အရပ်ဝတ်နဲ့ လူ(၄)ဦးက အနောက်ကနေ ဝင်ရောက်ပြီး ဖမ်းဆီခေါ်ဆောင်သွားခဲ့တာလို့ မျက်မြင်တွေ့သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အရှေ့သံလွင်မှ စုံစမ်းမေးမြန်းရာ ဖမ်းဆီးမှုမှာ မှန်ကန်တယ်လို့ အတည်ပြုပြောဆိုပြီး အမှုဖွင့်လှစ်ဖို့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ထိုင်းထီနဲ့ ချဲရောင်းချတဲ့ ကွမ်းယာဆိုင်က ကွမ်းယာ၊ ဆေးလိပ်၊ ဓာတ်ဆီများ ရောင်းချရတဲ့ ပိုက်ဆံများနှင့် ထိုင်းထီနှင့် ချဲရောင်းချတဲ့ ပိုက်ဆံများကို ဖမ်းဆီးရေးအဖွဲ့က တခါတည်း သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး အမျိုးသမီးရောဂါခံစားနေရသူ တစ်ဦးဖြစ်ပြီး မိသားစု စီးပွားရေးမပြေလည်သူတစ်ဦး ဖြစ်တယ်လို့ အိမ်နီးနားချင်း နေထိုင်သူတွေဆီက သိရပြီး လွန်ခဲ့တဲ့လကလဲ ပုန်းထွန်ရပ်ကွက်အတွင်း ကော်မရှင်စားနဲ့ ချဲထီရောင်းချသူတစ်ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။
“ထီလောကထဲကရှုပ်လာတယ် အဓိက ပိုက်ဆံရှိတဲ့တရုတ်တွေ၊ ပိုင်ရာဆိုင်ရာနဲ့ နီးစပ်တဲ့သူတွေပါ ဝင်လာတာ၊ ပြီးရင် မြို့လည်မှာ ဆိုင်းဘုတ်တပ်ပြီးကို တရုတ်၊ ထိုင်း၊ လာအိုထီပေါင်းစုံ တရားဝင်လိုင်စင်ရသလို ရောင်းနေကြတာ ဒါမျိုးကြတော့ မဖမ်းကြဘူး၊ ဘာမဟုတ်တဲ့ လူတွေကြဖမ်းကြတယ်”လို့ ထီဝါသနာရှင်တစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့မှာ မြို့လည် မိန်းလမ်းဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမတစ််လျှောက်မှာ ထီဆိုင်နံမည် အမျိုးမျိုးဆိုင်းဘုတ်ကာ မြန်မာ အောင်ဘာလေထီ အနည်းငယ်ချိတ်ဆွဲပြီး တရားမဝင် ထိုင်းအစိုးရထီနဲ့ ချဲထီအပါအဝင် လာအိုထီနဲ့ တရုတ်ထီကဲ့သို့ ထီများကို တရားဝင် လိုင်စင်ရ ထီအရောင်းဆိုင်များ ဖွင့်လှစ်ကာ ရောင်းချနေမှုများရှိပေမယ့် သက်ဆိုင်ရာက ဖမ်းဆီးခြင်းမပြုဘဲ ရပ်ကွက်အတွင်း ကော်မရှင်ခအနည်းငယ်နဲ့ စားဝတ်နေရေးအတွက် ချဲထီရောင်းချသူများကိုသာ အမှုလိုအပ်ချက်အရ ပစ်မှတ်ထားကာ လစဉ် လိုက်လံဖမ်းဆီးနေတယ်လို့လဲ ဒေသခံတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။