မိသားစုနှင့်အတူ ပူတင်ပုန်းအောင်းရာ နန်းတော်ဟု ယူဆထားသည့် ပင်လယ်နက်ကမ်းခြေချောက်ကမ်းပါးထိပ်မှ ပေါင် ၁ ဘီလီယံတန် နန်းတော်ကြီးအား ပတ်ပတ်လည်မှ အကာအကွယ်ပေးထားသည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များအားလုံးကို ယူကရိန်းက တိုက်ခိုက်ဖျက်ဆီးလိုက်သဖြင့် ယင်းနန်းတော်မှာ အကာအကွယ်မဲ့သွားခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
ဩဂုတ် ၇ ရက်ကတည်းက ယူကရိန်း၏ တာဝေးဒရုန်းများသည် ဂဲလန့်ဇစ်မြို့အနီးရှိ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် Volna Kupol Garant အီလက်ထရွန်းနစ်စနစ်များကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မော်စကိုတိုင်းမ်သတင်းက ဖော်ပြခဲ့သည်။
နောက် ၂ ရက်အကြာတွင်လည်း ပထမတိုက်ခိုက်ရာနေရာနှင့် မိုင်ဝက်ပင်မဝေးသော နေရာ၌ထားရှိသည့် နောက်ထပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကို ယူကရိန်းဘက်က ထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ဩဂုတ် ၈ ရက်တွင် လေယာဉ်ပစ်ဒုံးကျည်စနစ်သည်လည်း ပျက်ယွင်းကာ ဒုံးကျည် ၆ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပစ်ဒုံးကျည်စနစ် ပျက်စီးပေါက်ကွဲမှုတွင် ၃ နာရီကြာ မီးလောင်နေသည်ဟုလည်း ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ လူမဲ့စနစ်တပ်ဖွဲ့က ပြောဆိုခဲ့သည်။
ယင်းစွမ်းအားမြင့်ကာကွယ်ရေး စနစ်ကြီးသည် ပူတင်၏ ပင်လယ်နက်နန်းတော်နှင့် ၁၂ မိုင်အကွာတွင်သာတည်ရှိရာ ပူတင်၏နန်းတော်ကြီး အကာအကွယ်များမဲ့သွားပြီး အန္တရာယ်က နီးကပ်သထက် နီးကပ်လာခဲ့ပြီဖြစ်သည်။
အတွင်းစည်းမှ ပြန်လည် အာဏာလုမည်ကို စိုးရိမ်သည့် အခြေအနေများတွင် ပူတင် ပုန်းခိုရာဖြစ်သော ပင်လယ်နက်နန်းတော်ကြီးထဲတွင် စားသောက်ဆိုင်၊ ရဟတ်ယာဉ်ကွင်း၊ ရေခဲပြင်စကိတ်ကွင်း၊ ဘုရားရှိခိုးကျောင်း၊ ပြဇာတ်ရုံ၊ ကိုယ်ပိုင်ဓာတ်ဆီဆိုင်များပါ ထည့်သွင်းတည်ဆောက်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ရုရှားနိုင်ငံတစ်ဝန်း ယူကရိန်း၏ တာဝေးဒရုန်းများကြောင့် မီးဟုန်းဟုန်းတောက် လောက်နေခဲ့ပြီး ဗိုရိုနက်ဇ်ဒေသရှိ အရေးအပါဆုံး Wildberries ဂိုထောင်နောက်တစ်လုံး မီးလောင်ပေါက် ကွဲခဲ့သလို ရုရှားနိုင်ငံတောင်ပိုင်း ကာဇက်စတန်နှင့် နယ်စပ် အော့ခ်စ်ဒေသရှိ Orsknefteorgsintez ရေနံချက်စက်ရုံကြီးလည်း မီးလောင်ပေါက်ကွဲခဲ့သည်။
ရုရှားနိုင်ငံ၏ အကြီးဆုံးရေနံချက်စက်ရုံများထဲ တစ်ခုအပါအဝင်ဖြစ်သော Orsknefteorgsintez ရေနံချက်စက်ရုံကို မိုင် ၁၀၀၀ အကွာအဝေးမှ ယူကရိန်းဘက်က ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ယင်းမြို့ရှိ အမြောက်ကျည်များထုတ်လုပ်ရာ အဓိကစက်မှုစက်ရုံကြီးကိုလည်း ယူကရိန်းဘက်မှ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သေးသလို ယူကရိန်းနိုင်ငံ အရှေ့ဘက်နယ်စပ်မှ မိုင် ၄၀၀၀ အကွာတွင် ရှိသော Komsomolsk-on-Amur အရပ်ရှိ Rosneft ရေနံချက်စက်ရုံကြီးသည်လည်း ထူးဆန်းစွာဖြင့် မီးလောင်နေခဲ့သည်။

Ref:Thesun