မြန်မာလုပ်သားများကို သေနတ်ဖြင့် ပစ်သည့်သူကို ဖမ်းဆီး၊ စိတ်ဝေဒနာ ခံစားနေရသူဟု ဆို

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ခရထွမ်ဘန်မြို့နယ် Soi Phetkasem ၁၂၀ ရှိ စက်ရုံတရုံ၌ သြဂုတ်လ ၁၂ ရက် ညပိုင်းက ပြည်ပတွင် ပညာသင်ကြားခဲ့ဖူးသည့် အသက် ၂၈ နှစ်အရွယ် စိတ်ဝေဒနာခံစားနေသော ထိုင်းလူမျိုး အမျိုးသားတဦးက မြန်မာလုပ်သားများအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

စက်ရုံအတွင်း အရက်သောက်နေသော မြန်မာလုပ်သား နှစ်ဦးအား အဆိုပါ အမျိုးသားက အဆောက်အအုံ၏ ဒုတိယထပ်မှနေ၍ 38 ပစ္စတိုသေနတ်ဖြင့် ၅ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပထမအချက် ပစ်ခတ်သံကြားသည်နှင့် မြန်မာလုပ်သား နှစ်ဦးမှာ အသက်လုထွက်ပြေးခဲ့ရသဖြင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ခရထွမ်ဘန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဆိုပါ အဆောက်အအုံကို ဝိုင်းရံပိတ်ဆို့ခဲ့ပြီး အနီးနားရှိ ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက တရားခံအား အဖမ်းခံရန် စည်းရုံးခဲ့သော်လည်း ၎င်းက အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်အော်ဟစ်ဆဲဆိုပြီး တံခါးဖွင့်ရန် ငြင်းဆန်ခဲ့ကြောင်း သတင်းက ဆိုသည်။

နောက်ဆုံးတွင် ရဲတပ်ဖွဲ့သည် တရားခံ၏ မိခင်ဖြစ်သူနှင့် ချိတ်ဆက်ကာ မိခင်က အခန်းတံခါးကို ရီမုကွန်ထရိုးလ်ဖြင့် ဖွင့်ပေးလိုက်မှသာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရားခံအား ခရထွမ်ဘန်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ပစ်ခတ်ရသည့် အကြောင်းရင်းနှင့် ရည်ရွယ်ချက်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း ဆိုသည်။

Ref: https://www.facebook.com/theirrawaddyburmese/