မြန်မာကလေးငယ်များကို ဘန်ကောက်သို့ လူမှောင်ခိုသွင်းခေါ်ယူပြီး နှိပ်စက်အနိုင်ကျင့်ကာ စျေးရောင်းခိုင်းစားသည့် ရာဇဝတ်မှု၌ အစိုးရအရာရှိများပါ ပါဝင်နေနိုင်သည်ဆိုသော သံသယကြောင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက စတင်စုံစမ်းဖော်ထုတ်ရန် အမိန့်ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ ၁၃ ရက်က ဘန်ကောက်ရှိ ဆာဖန်ဆန်ခရိုင်တွင် ၅ နှစ်မှ ၁၈ နှစ်ကြား မြန်မာကလေးငယ်များနှင့် ၂၈ နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ဦးအပါ စုစုပေါင်း မှောင်ခိုသွင်းခိုင်းစေခံရသူ ၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနက စောင့်ရှောက်ထားရှိကာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်။
ထိုမြန်မာကလေးငယ်များသည် နိုင်ငံခြားခရီးသွားများ စည်ကားရာ ဘန်ကောက်ဗဟိုချက်နေရာများတွင် ပန်းများ၊ အစားအသောက်များ ရောင်းချပေးရကာ ညနေစောင်းချိန်မှစတင်ပြီး နံနက် ၄ နာရီအထိ စျေးရောင်း ရကြောင်း၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများတွင် ဇွန်းအား အပူးပေးပြီး အသားကိုကပ်သည့် လုပ်ရပ်များကြောင့် တချို့တွင် ယခုအထိ ဒဏ်ရာ၊ အမာရွတ်များကျန်နေသေးကြောင်း မေးမြန်းစုံစမ်းမှုများမှတစ်ဆင့် သိရှိရသည်။
ယင်းကလေးများသည် ဘန်ကောက်တွင် များစွာထပ်ရှိနေသေးနိုင်ကာ အများစုသည် မြ၀တီမြို့တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီးမှ ထိုင်းနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ကာ ထိုမှတစ်ဆင့် ဘန်ကောက်သို့ မှောင်ခိုတင်ပို့ရာ၌ စစ်ဆေးရေးဂိတ်များတွင် မေးမြန်းခံရပါက ပြန်ဖြေရမည့် နာမည်ကို သင်ပေးထားပြီး အများစုသောကလေးများကို မေးမြန်းခြင်း မခံရစေရန် ကားပေါ် အိပ်ပျော်နေသည့်ပုံစံဖြင့် ဘန်ကောက်သို့ ပို့ဆောင်ကြောင်း၊ ထိုလူမှောင်ခိုကွန်ရက်၌ ထိုင်းအစိုးရတာဝန်ရှိသူများပါ ပါဝင်နေသည်ဆိုသော စွပ်စွဲချက်များ၊ ဖုန်းမက်ဆေ့ချ်များ တွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်မှုကို စတင်ကာ အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (PACC) နှင့် ညှိနှိုင်းဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်ဟု thaipbsworld သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
Ref: thaipbsworld