ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ထိုင်းအာဏာပိုင်များက တစ်မြို့လုံး အတိုင်းအတာဖြင့် ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ရာ နာရီပိုင်းအတွင်း မှီခိုကလေးသူငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။
ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ ထိုင်းရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် လဝက ပူးပေါင်းအဖွဲ့များသည် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား နေထိုင်သည့် ရပ်ကွက်များ၊ အိမ်ရာများနှင့် လမ်းဆုံလမ်းခွများကို ပစ်မှတ်ထား၍ ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း မပြည့်စုံသည့် မြန်မာနိုင်ငံသားများကို နေရာတွင်ပင် ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“သူတို့က မြန်မာနိုင်ငံသားလို့ မသင်္ကာသိတာနဲ့ စစ်တာပါ။ လမ်းမှာတွေ့လည်းစစ်တယ်၊ ရပ်ကွက်တွေထဲလည်း ဝင်ပြီးစစ်တယ်။ အထောက်အထား မပြနိုင်ရင် တစ်ခါထဲ ဖမ်းခေါ်သွားတာပဲ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို မဲဆောက်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ ရုတ်တရက် ဖမ်းဆီးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
ယခု စစ်ဆေးမှုသည် တရားမဝင် နေထိုင်သူများကို ပုံမှန် ရှင်းလင်းခြင်းဟု ဆိုသော်လည်း မြန်မာအများအပြား နေထိုင်ရာ ဒေသများကို အဓိက ဦးတည် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်ရောက် မြန်မာအသိုင်းအဝိုင်းက ပြောဆိုသည်။
“မနေ့(အောက်တိုဘာ ၁၆ ရက်)ကလည်း မြန်မာတွေချည်း နေတဲ့ မာလွေအိမ်ရာထဲ ဝင်စစ်သေးတယ်။ အဲဒီမှာတော့ ဖမ်းခံရသူရှိတယ် မကြားမိဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်မြို့လုံး အတိုင်းအတာနဲ့ ဖမ်းတာပါ။ ဒီလို တစ်မြို့လုံး အတိုင်းအတာနဲ့ လုပ်တာ ဒီနှစ်ထဲဆို နှစ်ကြိမ်လောက်ရှိပြီ။ အရင်အကြိမ်ကတော့ ဖမ်းခံရသူ ဒီလောက် မများဘူး။ အဲဒီတုန်းက တရားမဝင် မြန်မာတွေထက် ကျားဖြန့်နဲ့ တရားမဝင် လုပ်ငန်းတွေကို ပစ်မှတ်ထားတာ” ဟု မဲဆောက်တွင် နှစ်ရှည်နေထိုင်သူ မြန်မာတစ်ဦးက ပြောသည်။
ထိုင်းနယ်စပ် မဲဆောက်မြို့တွင် နှစ်စဉ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများ၌ ထိုင်းအာဏာပိုင်များဘက်က လုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများကို စီမံချက်များဖြင့် တင်းကြပ်စွာ ဖမ်းဆီး စစ်ဆေးလေ့ရှိသည်။