စက်တင်ဘာ ၄ ရက်က စတင်ပေါက်ကွဲခဲ့သည့် မီးတောင်ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် သောင်တင်နေသည့် လေယာဉ်စီးခရီးသည် ၂၇၀၀၀၀ ရှိနေကြောင်းသိရသည်။
ဂျာကာတာမြို့နှင့် ၁၅၀ ကီလိုမီတာအကွာရှိ အာနက်ကရာကာတူ မီးတောင်ကြီး ပေါက်ကွဲမှုမှာ ၂ ရက်ဆက်တိုက် ဆက်လက်အားကောင်းနေပြီး မီးတောင်၀တွင် ချော်ရည်များ ပန်းထွက်ခြင်းနှင့် ပြာမှုန်တိမ်တိုက်များသည် စက်တင်ဘာ ၇ ရက်၌ ဂျာဗားကျွန်းပေါ်တွင် ကောင်းကင်အထက် မီတာ ၆၀၀၀ အမြင့်၊ ဆူမားတြားတွင် ကောင်းကင်အမြင့် ၁၅၀၀၀ အထိ မြင့်တက်လွင့်မြောနေသည်။
ကရာကာတူမီးတောင်သည် ဂျာဗားနှင့်ဆူမားတြားကျွန်းနှစ်ကျွန်းအကြားရှိ ဆွန်ဒါရေလက်ကြား၌ တည်ရှိသည်။
စက်တင်ဘာ ၆ ရက် ညပိုင်းတွင် မီးတောင်ပေါက်ကွဲမှုမှာ အကြိမ်အစိပ်ဆုံးဖြစ်ပြီး မီးတောင်ဝမှ ၃ ကီလိုမီတာအတွင်း ဝင်ရောက်ခြင်း မပြုလုပ်ရန် အင်ဒိုနီးရှားအာဏာပိုင်များက သတိပေးထားပြီး ဆွန်ဒါရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများကိုလည်း မီးတောင်ဝမှ ၃ ကီလိုမီတာအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။
စက်တင်ဘာ ၇ ရက် မနက်ပိုင်းအထိ ဂျာကာတာရှိ ဆိုကရာနို-ဟက်တာ နိင်ငံတကာလေဆိပ်အပါအဝင် လေဆိပ်ကြီး ၃ ခုစလုံးလည်း ပိတ်ထားဆဲဖြစ်ရာ လိုရာခရီး မပျံသန်းနိုင်ဘဲ သောင်တင်နေသော ခရီးသွား ၂၇၀၀၀၀ အထိ ရှိနေကြောင်း သိရသည်။
စက်တင်ဘာ ၁၁ ရက်အထိ ကွာလာလမ်ပူသို့ ပြန်ရန် လေကြောင်းခရီးစဉ်များ မရှိသေးသဖြင့် အခက်ကြုံနေရသည်ဟု ဘာလီကျွန်းသို့ ဟန်းနီးမွန်းထွက်လာသော မလေးရှား ဇနီးမောင်နှံက BBC သို့ ပြောသည်။
ကရာကာတူမီးတောင်သည် ယခင် ရေအောက်တွင်သာရှိသော မီးတောင် ဖြစ်သော်လည်း ၁၈၈၃ ခုနှစ်ကမှ ရေပေါ် ထိုးထွက်လာသောမီးတောင်ဖြစ်သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ယင်းမီးတောင်ပေါက်ကွဲမှု.ဖြစ်ပွားခဲ့ရာတွင် ကြီးမားသည့် ဆူနာမီလှိုင်းများ ရိုက်ခတ်သဖြင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံသည် တောင်အမေရိကတောင်ဘက်စွန်းမှ နယူးဇီလန်အထိ ကီလိုမီတာ ၄၀၀၀၀၀ အကြား တည်ရှိနေသော ပစိဖိတ်မီးကွင်း (Pacific Ring of Fire) ဟုခေါ်သည့် ဇုန်အတွင်းတည်ရှိနေကာ ယင်းဇုန်အတွင်း တစ်ကမ္ဘာလုံးမှ သက်ရှိမီးတောင် ၇၅ ရာခိုင်နှုန်း တည်ရှိနေသည်။
အင်ဒိုနီးရှားတစ်နိုင်ငံတည်းတွင် သက်ရှိမီးတောင် ၄၅၂ တောင်နှင့်အထက် ရှိနေသည်။
Ref:BBC