အမေရိကန်ရေတပ်သားများကို ပတ္တယားရှိ ဆွိုင် (၆) နှင့် ဆေးခြောက်ဆိုင်များသို့ သွားလာခွင့် ပိတ်ပင်

အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် အတူလိုက်ပါလာမည့် စစ်ရေယာဉ် နှစ်စင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်သို့ လာရောက်မည့်ကာလအတွင်း ပတ္တယားမြို့ရှိ ဆွိုင် (၆)၊ ဆွိုင် (၆/၁) နှင့် ဆွိုင် (၇) တို့ကို အမေရိကန်ရေတပ်သားများ သွားလာခွင့်မပြုသည့် နေရာများအဖြစ် သတ်မှတ်ထားကြောင်း ပတ္တယားအာဏာပိုင်များက ပြောသည်။

အဆိုပါ ကန့်သတ်ချက်များကို ဩဂုတ် ၃၁ ရက်က ပတ္တယားမြို့တော်ခန်းမ၌ ပြုလုပ်သည့် လုံခြုံရေးနှင့် ဧည့်သည်များ အဆင်ပြေချောမွေ့ရေးဆိုင်ရာ အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

USS Abraham Lincoln လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် အမေရိကန်ရေတပ် Carrier Strike Group သည် စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ချွန်ဘူရီတွင် ဆိုက်ကပ်မည်ဖြစ်ပြီး သင်္ဘောများပေါ်တွင် လူအင်အား ၅,၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ ယင်းတို့အနက် ၆၀ ရာခိုင်နှုန်းခန့်ဖြစ်သည့် ရေတပ်သား ၃,၀၀၀ ခန့်သည် ပတ္တယားသို့ သွားရောက်ကာ ညအိပ်တည်းခိုမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။

ရာဇဝတ်မှုများနှင့် လုံခြုံရေးပြဿနာများ မဖြစ်ပွားစေရန်အတွက် အမေရိကန်ရေတပ်သားများအနေဖြင့် ဆွိုင် (၆(၊ ဆွိုင် (၆/၁) နှင့် ဆွိုင် (၇) အပြင် ဆေးခြောက်ဆိုင်များနှင့် ဆေးဆိုင်များသို့ သွားရောက်ခြင်း၊ ရေပြင်အပန်းဖြေလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကိုလည်း ကန့်သတ်ထားသည်။

သို့သော် ပတ္တယားရှိ Walking Street ကဲ့သို့သော ဖျော်ဖြေရေးနေရာများသို့ သွားရောက်ခွင့်ပြုထားပြီး သတ်မှတ်ထားသည့် အချိန်ကန့်သတ်ချက်များကို လိုက်နာကာ နံနက် ၂ နာရီမတိုင်မီ အဆိုပါနေရာမှ ထွက်ခွာရမည်ဖြစ်သည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ မဖြစ်ပွားစေရန် အာဏာပိုင်များက အလေးထားညွှန်ကြားထားပြီး လိင်ဝန်ဆောင်မှုများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းသည် ထိုင်းနိုင်ငံတွင် တရားမဝင်ကြောင်း စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများကို သတိပေးထားသည်။ အသက် ၁၈ နှစ်အောက် ကလေးများနှင့် လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကိုလည်း တင်းကျပ်စွာ တားမြစ်ထားသည်။

ခရီးသွားများထံမှ အလွန်အကျွံ ဈေးနှုန်းကောက်ခံခြင်း သို့မဟုတ် ဝန်ဆောင်မှုအရည်အသွေး မပြည့်မီခြင်းများ မဖြစ်စေရန် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးရန်လည်း အာဏာပိုင်များက ညွှန်ကြားထားသည်။

သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ တွေ့ရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက ထိုင်းခရီးသွားရဲ၏ ၂၄ နာရီ Hotline ဖုန်းနံပါတ် 1155 သို့ ဆက်သွယ်နိုင်ပြီး Thailand Tourist Police App မှတစ်ဆင့်လည်း မိမိတည်နေရာကို မျှဝေကာ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း – Khaosod English

Ref: https://burmese.dvb.no/post/699242

Ref: https://bur.mizzima.com/2026/09/01/102585