ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Asok လမ်းဆုံအနီးရှိ Terminal 21 ဈေးဝယ်စင်တာတွင် အသက် ၃၀ ဝန်းကျင် အမျိုးသားတဦး စက်လှေကားပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၁ ရက် ည ၉ နာရီ ၄၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Terminal 21 သည် BTS Asok ဘူတာနှင့် MRT Sukhumvit ဘူတာအနီးတွင် တည်ရှိသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဆိုပါအမျိုးသားသည် စတုတ္ထထပ်မှ အောက်သို့ဆင်းလာသည့် စက်လှေကားပေါ်တွင် တဦးတည်း ရှိနေခဲ့ပြီး လမ်းတဝက်ခန့်အရောက်တွင် လက်ရန်းကို ရုတ်တရက် ဖမ်းကိုင်ခဲ့ပြီးနောက် စက်လှေကားဘေးမှတဆင့် အောက်မြေညီထပ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
အောက်သို့ ပြုတ်ကျသည့်အရှိန်ကြောင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး အခင်းဖြစ်နေရာရှိ အခြားဈေးဝယ်သူများလည်း ထိတ်လန့်ခဲ့ကြသည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် ခေါ်ယူခဲ့ပြီး ရောက်ရှိချိန်တွင် အမျိုးသားမှာ သတိလစ်ကာ အသက်ရှူမနေတော့ဘဲ ပြင်းထန်သော ဒဏ်ရာများ ရရှိထားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အမျိုးသား၏ ကိုယ်ရေးအချက်အလက်များကို လတ်တလောတွင် အသေးစိတ် မသိရသေးဘဲ လုမ္ပီနီရဲစခန်းက ဖြစ်စဉ်အခြေအနေကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
သတင်း – Bangkok Post