ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်တောင်ပေါ်အုပ်စု၊ အူးဖူဒေ့အာခါကျေးရွာ၌ ၁၆ ကြိမ်မြောက် အာခါရိုးရာ စုပေါင်း ရဲခူအာဖွေဒန်းစီးပွဲတော်ကို ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အာခါရိုးရာဒန်းစီးပွဲတော်ကို အာခါဇန်း(ခေါ်)အာခါတိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရ စည်းလုံးညီညွှတ်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ ထာဝရတည်တံ့စေရေး အနှစ်သာရဖြင့် နှစ်စဉ်ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဘက်၊ နယ်ဘက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ဝေးရပ်နီးအနယ်နယ် အရပ်ရပ်မှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူ၊ မြောင်စသည့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရပ်ရွာအကြီးအကဲတို့က ရဲခူအာဖွေ ဒန်းစီးပွဲတော်နှင့် နှစ်(၃၀)ပြည့် ရွာတည်ခြင်း အထိမ်းအမှတ် ကွန်ကရစ်ရင်ပြင်နှင့် လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ဒန်းစီးပွဲတော် မင်္ဂလာအခမ်းအနား စတင်သည်။
ထို့နောက် အာခါတိုင်းရင်းသား အကြီးအကဲ ဦးမင်းညိုက ရဲခူအာဖွေဒန်းစီးပွဲတော်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အာခါတိုင်းရင်းသားကျေးရွာ အကြီးအကဲနှင့် တက်ရောက်လာသူများက ဒန်းတော်ကို အာခါရိုးရာဓလေ့ထုံးတမ်းနှင့်အညီ မင်္ဂလာပြု စီးနင်းကြသည်။
ယင်းနောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရပ်ရွာအကြီးအကဲတို့က အူးဖူဒေ့အာခါရွာတည်ခြင်း နှစ်(၃၀)ပြည့် မင်္ဂလာကျောက်စာတိုင်အား အမွှေးနံ့သာရည်ပက်ဖြန်းဖွင့်လှစ်ပေးသည်။
ဆက်လက်ပြီး ဒုတိယပိုင်းအခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမှာစကားအသီးသီး မြွတ်ကြားပြီး အူးဖူဒေ့ကျေးရွာသားတစ်ဦးက ရပ်ရွာနှင့်စပ်လျဉ်း၍ တင်ပြခြင်း၊ LED ရုပ်ပုံများဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသော အကြီးအကဲများအား ရဲခူအာဖွေ ဒန်းစီးပွဲတော်အထိမ်းအမှတ် ဂါရဝလက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ လူငယ်လေးများက ရိုးရာယဉ်ကျေးမှု အက၊ အလှ၊ တေးသံများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဒန်းစီးပွဲတော်အခမ်းအနားကို ကြိုဆိုကြသည်။
တိုင်းရင်းသား ဒန်းစီးပွဲတော်အထိမ်းအမှတ်အဖြစ် သစ်ပင်များကို စိုက်ပျိုးကြပြီး ဧည့်သည်တော်များအား အာခါရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။
