Apple က ၎င်း၏ ပထမဆုံး ခေါက်နိုင်သည့် iPhone မော်ဒယ် iPhone Duo ကို မိတ်ဆက်လိုက်သည်။ အဆိုပါ ဖုန်းတွင် ၇ ဒသမ ၆ လက်မအရွယ် မျက်နှာပြင်၊ တိုက်တေနီယမ်ဘောင်၊ မျက်နှာပြင်နှစ်ခုနှင့် A20 Pro Chip အသစ်တို့ ပါဝင်သည်။
iPhone Duo ကိုခေါက်ထားချိန်တွင် ၅ ဒသမ ၄ လက်မအရွယ် အပြင်ဘက် မျက်နှာပြင်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းကို ဖြန့်လိုက်ချိန်တွင် ၇ ဒသမ ၆ လက်မအရွယ် မျက်နှာပြင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ အဆိုပါ မျက်နှာပြင်သည် iPhone 18 Pro Max ထက် ၅၀ ရာခိုင်နှုန်း ပိုမို ကြီးမားသည်ဟု Apple က ဆိုသည်။
ဖုန်းတွင် Grade 5 တိုက်တေနီယမ်ဘောင်နှင့် ပတ္တာအဖုံးကို အသုံးပြုထားပြီး ရှေ့နှင့် နောက်ဘက်တွင် Ceramic Shield တပ်ဆင်ထားသည်။ ထို့အပြင် IP68 အဆင့် ရေစိုခံနှင့် ဖုန်ဒဏ်ခံနိုင်မှု ပါဝင်သည်။
နောက်ဘက်တွင် 48MP ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ဘေးဘက်ခလုတ်အတွင်း Touch ID ကို ထည့်သွင်းထားသည်။ Face ID ကိုတော့ ထည့်သွင်းထားခြင်း မရှိကြောင်း တွေ့ရသည်။
iPhone Duo တွင် A20 Pro Chip အသစ်၊ ဘက်ထရီ နှစ်လုံးပါဝင်သည့် စနစ်နှင့် အတွင်းဘက် မျက်နှာပြင်ကို အသုံးပြုပါက ဗီဒီယိုပြန်လည်ဖွင့်ကာ ကြည့်ရှုချိန် ၃၁ နာရီအထိ ရရှိနိုင်သည့် ဘက်ထရီစွမ်းရည်တို့ ပါဝင်သည်။
Apple က ဖုန်း၏ Live Camera Preview လုပ်ဆောင်ချက်ကိုလည်း မိတ်ဆက်ပြသခဲ့သည်။ ထို့အပြင် ကလေးများ၏ အာရုံကို ကင်မရာဘက်သို့ ဆွဲဆောင်နိုင်ရန် Animated Feature တခုလည်း ထည့်သွင်းပေးထားသည်။
အမေရိကန်ဈေးကွက်တွင် iPhone Duo ၏ 256GB မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၁,၉၉၉ ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး 2TB မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၃,၁၉၉ အထိ ကျသင့်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် 256GB အခြေခံ မော်ဒယ်ကို ဘတ် ၇၉,၉၀၀ ဖြင့် ရောင်းချမည်ဖြစ်သည်။ ယင်းဈေးနှုန်းသည် အမေရိကန်ဈေးနှုန်းကို တိုက်ရိုက်ငွေလဲနှုန်းဖြင့် တွက်ချက်ထားသည့်ဈေးနှုန်းထက် ၂၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။
Apple အနေဖြင့် အခြား စမတ်ဖုန်းထုတ်လုပ်သူများက ခေါက်သိမ်းနိုင်သည့် ဖုန်းများ ထုတ်လုပ်နေသည်ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးနောက် ယခုအခါ ၎င်း၏ ခေါက်နိုင်သော ဖုန်းက ဈေးကွက်အတွင်းသို့ ပထမဆုံး ဝင်ရောက်လာခြင်းဖြစ်သည်။
Apple ၏ ပထမဆုံး ခေါက်ဖုန်းက သည် ဈေးကွက်အဝင် နောက်ကျသော်လည်း ဒီဇိုင်းပိုင်း သေသပ်မှုနှင့် နည်းပညာပိုင်း အရည်အသွေးကို အလေးထားထားပြီး ဈေးနှုန်းကိုလည်း မြင့်မားစွာ သတ်မှတ်ထားသည်။
iPhone Duo သည် ဖုန်းတလုံးတည်းဖြင့် စမတ်ဖုန်း၊ Tablet နှင့် လူအများကြား စကားဝိုင်းဖွင့်နိုင်မည့် နည်းပညာပစ္စည်းတခုကို ရရှိလိုသူများအတွက် ရွေးချယ်စရာတခု ဖြစ်လာမည်ဖြစ်သည်။
iPhone Duo ကို Night Sky နှင့် Star White အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။
ထိုင်းနိုင်ငံတွင် iPhone Duo အတွက် Pre-order များကို အောက်တိုဘာ ၁၆ ရက် ည ၇ နာရီမှ စတင်လက်ခံမည်ဖြစ်ပြီး တရားဝင်ရောင်းချမှုကို အောက်တိုဘာ ၂၃ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
Ref: Khaosod