ဘတ်သန်း ၆၀၀ ခန့်တန်ဖိုးရှိ စီးပွားရေးမသမာမှုတွင် မြန်မာမှတ်ပုံတင် ကိုင်ထားသည့် တရုတ်နိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

လူဝင်မှုကြီးကြပ်ရေး၊ ကိုယ်ရေးအထောက်အထားနှင့် အမည်ခံကုမ္ပဏီပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများ ရှိသည်ဟု သံသယရှိသူများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးတစ်ရပ်အတွင်း မစ္စတာမျိုးဆိုသည့် မြန်မာနိုင်ငံသားအထောက်အထား အသုံးပြုနေသည့် တရုတ်နိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းစစ်ဆင်ရေးကို ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရန်နွယ်မာက ဦးဆောင်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ မစ္စတာမျိုးသည် ဆမွတ်ဆခွန်ခရိုင်ရှိ ကုမ္ပဏီ ၃ ခုနှင့် ဆက်နွှယ်နေပြီး ယင်းကုမ္ပဏီများတွင် ထိုင်းနိုင်ငံသားများကို အမည်ခံရှယ်ယာရှင်များအဖြစ် အသုံးပြုထားသည်ဟု ဆိုသည်။

ကုမ္ပဏီ ၃ ခု၏ မှတ်ပုံတင်ထားသည့် မတည်ရင်းနှီးငွေမှာ စုစုပေါင်း ဘတ် ၁၉၁ သန်း ရှိပြီး မြေကွက် ၇ ကွက်ကို ပိုင်ဆိုင်ထားကာ စုစုပေါင်းဧရိယာမှာ ၁၁ ဧကကျော် ရှိသည်။

မြေများ၏ ခန့်မှန်းတန်ဖိုးမှာ စုစုပေါင်း ဘတ်သန်း ၆၀၀ ခန့် ရှိကြောင်း အာဏာပိုင်များက ပြောသည်။

ထို့ပြင် ကုမ္ပဏီများအကြား ရှယ်ယာ အပြန်အလှန်ပိုင်ဆိုင်ထားသည့် စီမံချက်များလည်း ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုအရ ၎င်းသည် တရုတ်နိုင်ငံတွင် အာဏာပိုင်များက အလိုရှိနေသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့်လည်း ဆက်နွှယ်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများအရ သံသယရှိသူသည် ယခင်က တရုတ်နိုင်ငံကူးလက်မှတ်ဖြင့် ခရီးသွားခဲ့ပြီး နောက်ပိုင်းတွင် မစ္စတာမျိုး အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း ၎င်း၏ သားဖြစ်သူဆိုသည့် လူငယ်တစ်ဦးကိုလည်း အာဏာပိုင်များက တွေ့ရှိခဲ့သည်။

ယင်းလူငယ်၏ ထိုင်းနိုင်ငံသားအထောက်အထားစာရွက်စာတမ်းများနှင့် ဇီဝအချက်အလက်များကိုလည်း ကိုယ်ရေးအထောက်အထားဆိုင်ရာ ဥပဒေချိုးဖောက်မှုများ ရှိ၊ မရှိ စစ်ဆေးလျက်ရှိသည်။

ရဲတပ်ဖွဲ့သည် မစ္စတာ မျိုးနှင့် ယင်းလူငယ်ကို ဖမ်းဆီးပြီး ခရာထွမ်ဘန်းရဲစခန်း ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကာ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နေသည်။

ထို့ပြင် အထောက်အထားများ ထပ်မံအတည်ပြုနိုင်ရန် DNA နမူနာများ ကိုလည်း ရယူခဲ့ကြောင်း သိရသည်။

အမည်ခံရှယ်ယာရှင်များ အသုံးပြုမှု၊ လူဝင်မှုကြီးကြပ်ရေးအခြေအနေ၊ နိုင်ငံသားမှတ်ပုံတင်နှင့် အရပ်ဘက်မှတ်တမ်းများဆိုင်ရာ ဖြစ်နိုင်ခြေရှိသည့် ဥပဒေချိုးဖောက်မှုများ အပါအဝင် အမှုကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု အာဏာပိုင်များက ပြောကြားထားသည်။

Ref:Chiangmai Post

Ref: https://www.facebook.com/Chiangmaipostofficial/

Ref: https://www.facebook.com/MeKongNewsMM/posts/