မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သွင်းကုန်လိုင်စင်မပါသည့် တရုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် ၂ စီးနှင့် ရာဘာများ ပြည်ပသို့ တရားမဝင် တင်ပို့ရန် ပြင်ဆင်နေသည့် ကုန်တင်ယာဉ် ၂ စီး၊ စုစုပေါင်း ကုန်တင်ယာဉ် ၄ စီးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းက တာချီလိတ်မြို့၊ ဟွေရဲဂိတ်အနီးတွင် ၆ ဘီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ် နှစ်စီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် ဖွင့်ဖောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်၊ တို့ဖူးခြောက်၊ မာလာအနှစ်၊ ဝေဖာ၊ ပဲငံပြာရည်၊ နို့လက်ဖက်ရည်၊ ငါးအသားတု စသည့် စားသောက်ကုန်များအပြင် ဘက်ဟိုးအစိတ်အပိုင်း၊ ဟိုက်ဒရောလစ်ပစ္စည်း၊ သံပြားနှင့် ဆိုလာပြား ၃၆ ချပ် အပါအဝင် စက်ပစ္စည်းမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ် ၈၅ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အချင်းချင်း ပြန်တိုင်ကြတာမျိုး ဖြစ်နိုင်တယ်။ မဲခေါင်မြစ်ဆိပ်ကမ်းကနေ ဝင်လာတာ အားလုံးကို ဖြတ်သွားပြီးမှ ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရတာကို လူတွေက မေးခွန်းထုတ်နေကြတာပေါ့။ တခြား ဒီထက်ဆိုးတာတွေတောင် အဝင်အထွက်လုပ်နေကြတာ။ အဓိကက တံတားမှာ စားသောက်ကုန်တွေ ဖမ်းပြီးတဲ့နောက်ပိုင်း မငြိမ်ဘူးဖြစ်နေတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်း တရုတ်ကုန်များ တင်လာသည့် ကားများအပြင် စစ်ဆေးရေးဂိတ် ပိတ်ထားသည့်အချိန်တွင် မိုင်းဆတ်ဘက်မှ မောင်းနှင်လာပြီး တစ်ဖက်နိုင်ငံသို့ မဲခေါင်မြစ်ကြောင်း ဆိပ်ကမ်းများမှတစ်ဆင့် တရားမဝင် တင်ပို့ရန် ပြင်ဆင်နေသည့် ၁၂ ဘီး ကုန်တင်ယာဉ် နှစ်စီးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ရာဘာစိမ်း တန် ၄၀ ခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထားပြီး ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ ပုဒ်မ ၁၆၇ (၈) အပါအဝင် သက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူနိုင်ရေးအတွက် ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/