ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှ ရန်ကုန်သို့ သယ်ဆောင်လာသည့် ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့် ဘိန်းညိုမှုန့်များကို နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီး၌ ဘိုသက်နိုင် (ခ) ကိုရင်ကုလား မောင်းနှင်ပြီး စိုးနိုင်နှင့် သိန်းဌေးဦး (ခ) စာကလေးတို့ လိုက်ပါလာသည့် HINO ၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ ယာဉ်ပေါ်တွင် စုစုပေါင်းတန်ဖိုး ကျပ် ၁၀ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကျပ် ၇ ဘီလီယံခွဲကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကျော်နှင့် ကျပ် ၂ ဘီလီယံခွဲကျော်တန်ဖိုးရှိ ဘိန်းညိုမှုန့် ၂၉၅ ကီလိုတို့ဖြစ်သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း စစ်ကောင်စီရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းမူးယစ်ဆေးဝါးများ သယ်ဆောင်မှုကို အဓိကစီမံခန့်ခွဲသူမှာ လားရှိုးမြို့နေ အောင်သူထွန်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဆိုသည်။
လက်ရှိဖမ်းဆီးရမိသည့် သယ်ဆောင်သူများကိုမူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး အမှုနှင့်ဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။